ရခိုင် အရေး HRW ရဲ့ ထုတ်ပြန်ချက်ကို အစိုးရ ငြင်းဆို

ရခိုင်
ဓာတ်ပုံ ပုံစာ,

အကြမ်းဖက် အဖွဲ့တွေက အိမ်တွေကို မီးရှို့ ဖျက်ဆီးမှုတွေ လုပ်ခဲ့ တာ ဖြစ်တယ်လို့လည်း သမ္မတ ရုံးပြောခွင့် ရ ဉီးဇော်ဌေးက ပြော

အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ် မောင်တောဖက်မှာ မြန်မာ အစိုးရ သတင်းထုတ်ပြန်ရေး ကော်မတီရဲ့ နိုဝင်ဘာ ၁၅ ရက်နေ့အထိ မြေပြင်စာရင်းကောက်ယူ ထုတ်ပြန်ချက် အရ ပျက်စီးမီးလောင်သွားတဲ့ အိမ်ခြေဟာ ၁၈၀ ကျော်သာ ရှိပြီး အဲဒီ အချိန်မှာ Human Rights Watch HRW အစီရင်ခံစာ အရ ပျက်စီးမှု စာရင်း က အိမ်ခြေ လေးရာကျော် ရှိနေပါတယ်။

နိုဝင်ဘာ ၂၁ နေ့ထုတ် HRW ရဲ့ ဒုတိယ အကြိမ် ထုတ်ပြန်ချက်မှာ မီးလောင်ခံရတဲ့ အိမ် ရှစ်ရာ ကျော်ရှိတယ် ဆိုတဲ့ နောက်ထွက်လာတဲ့ စာရင်းနဲ့ ပတ်သက်လို့ ဆက်လက် စစ်ဆေးပြီး ထုတ်ပြန်သွားမယ်လို့ သမ္မတရုံး ဒုတိယ ညွန်ကြားရေးမှူးချုပ် ဉီးဇော်ဌေးက ပြောပါတယ်။

ရွာ ၄ ရွာမှာ ရဟတ်ယာဉ်နဲ့ ဝေဟင် ဓါတ်ပုံ ရိုက်ယူမှု တွေ အရ မီးလောင် ပျက်စီး သွားတဲ့ နေအိမ်က ၂၀၀ နီးပါး ပဲ ရှိတယ်လို့ သမ္မတ ရုံး ပြောရေး ဆိုခွင့် ရှိသူ က ပြောပါတယ်။ ပြီးတော့ HRW က နိုဝင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်တဲ့ စာရင်း နဲ့ ကွာခြားမှု ရှိနေပြီး ဒါကိုလည်း ဆက်လက် စစ်ဆေး သွားမယ်လို့ သူက ဆိုပါတယ်။

အကြမ်းဖက် အဖွဲ့တွေက အိမ်တွေကို မီးရှို့ ဖျက်ဆီးမှုတွေ လုပ်ခဲ့ တာ ဖြစ်ကြောင်း ကိုလည်း သမ္မတ ရုံး အနေနဲ့ သတင်း ထုတ်ပြန်ထားပြီးသား ဖြစ်တယ်လို့ သူက ပြောပါတယ်။

HRW က မောင်တော ဒေသက မွတ်ဆလင် ကျေးရွာ တွေမှာ အစိုးရ စစ်တပ် က မီးရှို့ဖျက်စီးမှုတွေ ရှိနေကြောင်း စွပ်စွဲ ပြောကြားထားပေမယ့် စစ်တပ် နဲ့ ရဲတပ်ဖွဲ့က အဲဒီရွာ က မီးလောင်မှုတွေကိုသာ ငြိမ်းသတ်ပေးနေတာ ဖြစ်တယ်လို့ သမ္မတ ရုံး ပြောရေး ဆိုခွင့် ရှိသူ က ငြင်းဆို ပါတယ်။

မြန်မာ နိုင်ငံက ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေး လာသူတွေ ရှိနေကြောင်း နိုင်ငံတကာမှာ စွပ်စွဲမှု တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

အဆိုပါ ကိစ္စ နဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ နယ်ခြားစောင် တပ်ဖွဲ့ ရဲ့ ဆက်သွယ် မေးမြန်း ချက် အရ ထွက်ပြေးလာမှု တွေ မရှိဘူးလို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ရင်းမှူး က ဖြေကြားထားတာ ရှိတယ်လို့ သမ္မတ ရုံး ပြောရေး ဆိုခွင့် ရှိသူက ဘီဘီစီ ကို ပြောပါတယ်။

အစိုးရ ဘက်က ထွက်ပြေးသူတို့ မရှိဘူးလို့ ငြင်းဆို ထားပေမယ့် မြန်မာ ဘက် ကနေ ဘင်္ဂလားဒေ့ရှ် ဘက်ကို ရေလမ်းရော၊ ကုန်းလမ်း ကနေပါ ထွက်ပြေးလာခဲ့ရတယ်လို့ ထွက်ပြေးလာသူ တစ်ယောက်က ပြောပါတယ်။

နယ်မြေ ရှင်းလင်းရေးတွေ လုပ်နေရတာကလည်း အကြမ်းဖက် တိုက်ခိုက်မှု မှာ ပါဝင်ခဲ့ တဲ့ လူတွေ ကို တရား ဥပဒေ အရ အရေးယူ နိုင်ဖို့ ၊ ပြီးတော့ အောက်တိုဘာလ ဖြစ်ပွား ခဲ့တဲ့ နယ်ခြားစောင့် စခန်း ကို တိုက်ခိုက်ခံရမှာ အကြမ်းဖက် သမားတွေ ယူဆောင် သွားတဲ့ လက်နက် တွေ ပြန်လည် ရရှိဖို့ လုပ်ဆောင် နေတာ ဖြစ်တယ်လို့ အစိုးရ ပြောရေး ဆိုခွင့် ရှိသူ က ပြောပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှု ခံရတဲ့ နေရာတွေမှာ သတင်းထောက် တွေ သတင်း ယူ ခွင့် ရရေး အတွက် နိုင်ငံတော် အကြီးအကဲပိုင်းက စဉ်စား နေတယ်လို့ ဦးဇော်ဌေး က ပြောကြား ခဲ့ပါတယ်။