မောင်တော အရေး အမျိုးသား လွှတ်တော်မှာ အဆိုတင်ခွင့်မရ

အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ က အဆိုအဖြစ်မတင်ဘဲ မေးခွန်းအဖြစ်သာတင်ဖို့ပြော ဆိုခဲ့ကြောင်းဦးကျော်ကျော်ဝင်းက ဘီဘီစီကို ပြော
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အခြေအနေနဲ့ ပတ်သက်လို့ အမျိုးသား လွှတ်တော်မှာ အဆို တင်ပြရာမှာ လွှတ်တော်က ခွင့်မပြုဘူးလို့ သိရပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တော ခရိုင် အတွင်းမှာရှိတဲ့ တိုင်းရင်းသား များရဲ့ အသက် အန္တရာယ် ကင်းဝေးဖို ၊ စားဝတ်နေရေးအဆင်ပြေဖို့၊ ဘဝလုံလုံခြုံခြုံရပ်တည် နိုင်ဖို့၊ မတရားအကြမ်းဖက်မှု တွေ ၊ မတရားကျူးကျော်သူများ၊ နောက်ထပ် မကျူးကျော် ရအောင် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်းသွင်း ဖို့ ရခိုင် အမျိုးသား ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော် ကျော်ဝင်း က လွှတ်တော် ကိုတင်ပြခဲ့ပါတယ်။
ဒီအဆိုနဲ့ပတ်သက်ပြီး အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ က အဆိုအဖြစ်မတင်ဘဲ မေးခွန်းအဖြစ်သာတင်ဖို့ပြော ဆိုခဲ့ကြောင်းဦးကျော်ကျော်ဝင်းက ဘီဘီစီကို ပြော ပါတယ်။
လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့မိမိတို့ ရွေးကောက်ခံ ဒေသမှာ ဖြစ်ပျက် နေတာတွေ နဲ့ပတ်သက်လို့လွှတ်တော်မှာ အဆိုတင်ခွင့် ရှိသလို မေးခွန်းမေးခွင့်လဲ ရှိပါတယ်။
အကြောင်းအရာတစ်ခုနဲ့ပတ်သက်လို့အဆိုအဖြစ် တင်ခွင့်ရရင်တော့ အဲဒီ အဆိုနဲ့ ပတ်သက်လို့တခြားသော လွှတ်တော်ကိုယ်စားလှယ်တွေက အပြန် အလှန် ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ရပါတယ်။
မဲခွဲဆုံးဖြတ်လို့အဆိုဟာအတည်ဖြစ်သွားရင်တော့ အဆိုရှင်ရဲ့ တိုက်တွန်းချက် တွေကို အစိုးရ အနေနဲ့ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။
မေးခွန်းအဖြစ်သာမေးခွန်းရရင်တော့ မေးခွန်းနဲ့ပတ်သက်တဲ့အဖြေကိုသာ သက်ဆိုင်ရာ ဝန်ကြီးဌာ နက လာရောက်ဖြေကြားမှာဖြစ်ပါတယ်။
အခုလို အဆိုကနေမေးခွန်းအဖြစ်ပြောင်းလဲခံရတာဟာ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့အခွင့် အရေးဆုံးရှုံးမှု ဖြစ်တယ်လို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဘရှင်က ပြောပါတယ်။
အခုလို အမျိုးသား လွှတ်တော်မှာ အဆိုအဖြစ် တင်ခွင့်မရတဲ့အတွက် ပြည်သူ့ လွှတ်တော်မှာ အဆိုအဖြစ် ပြန်လည် တင်သွင်း သွားမယ်လို ရခိုင်အမျိုးသား ပါတီလွှတ်တော်ကိုယ်စားလှယ်အချို့ က ပြောကြားနေပါတယ်။