မောင်တောက မွတ်ဆလင်တွေ ဘာကြောင့် ထွက်ပြေး

This handout photograph was released by the Myanmar Armed Forces on November 18, 2016, with information stating that Myanmar soldiers are putting out a fire in Wapeik village
ဓာတ်ပုံ ပုံစာ,

တိုက်ခိုက်သူတွေက မီးရှို့သွားတဲ့ နေအိမ်တွေကို တပ်မတော်သားတွေ မီးငြှိမ်းသတ်ပေးတယ်လို့ တပ်ဖက်က ထုတ်ပြန်ထား

ရခိုင်ပြည်နယ် မောင်တော ခရိုင်က ရိုဟင်ဂျာ မွတ်ဆလင် ရွာတွေမှာ တပ်မတော်ရဲ့ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်မှုတွေကြောင့် ရွာတွေမှာ မနေရဲတော့ဘဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ထွက်ပြေးကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘီဘီစီ သတင်းထောက် Akbar Hossein က သီးသန့် တွေ့ဆုံ မေးမြန်းနိုင်ခဲ့ ပါတယ်။

တွေ့ဆုံခဲ့တဲ့ အမျိုသမီးတွေထဲက တစ်ယောက် ဖြစ်တဲ့ Pherang Khatun က သူတို့ နေအိမ်တွေ နဲ့ ဗလီကျောင်းကို မီးရှို့ ခံခဲ့ရပြီး သူ့သား နှစ်ယောက်လည်း ပျောက်ဆုံး နေတယ်လို့ ပြောပါတယ်။ သူကတော့ ၁၀ ရက်လုံးလုံး ဒုက္ခရောက်နေခဲ့ပြီးနောက် နေစရာ မရှိလို့ ဘင်္ဂလားဒေ့ရှ် ဘက်ကို ထွက်ပြေး လာတယ်လို့ ပြောပါတယ်။

ပဋိပက္ခတွေကအတွင်း ခင်ပွန်းသည် ပစ်သတ် ခံခဲ့ရလို့ ဘမုဆိုးမ ဘဝ ရောက်ခဲ့ရတဲ့ Majina Khatun ကလည်း မြန်မာ စစ်တပ်က သူတို့ကို ညှဉ်းပန်း နှိပ်စက်တာတွေ လုပ်ခဲ့ပြီး နေအိမ်တွေကိုလည်း မီးရှို့တယ်၊ သူ့လို မုဆိုးမဖြစ်သွားရတဲ့ အမျိုးသမီးတွေ အများကြီးလို့ ပြော ပါတယ်။

ကာယကံရှင် အမျိုးသမီးတွေက ဘီဘီစီကို အခုလို ပြောပြချက်တွေနဲ့ ပတ်သက်လို့ အစိုးရ ဖက်ကို မေးကြည့်ရာမှာ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ဒါတွေဟာ သတင်းမှားတွေဖြစ်ပြီး သူတို့ အနေနဲ့ ဥပဒေနဲ့ အညီ ဆောင်ရွက်နေတယ်လို့ ပြောဆိုပါတယ်။

စွပ်စွဲ ပြောဆိုကြသလို ညှဉ်းပန်း နှိပ်စက်မှုတွေ လုပ်တယ်ဆိုတာ မဟုတ်ကြောင်း လည်း သူက ငြင်းဆိုပါတယ်။

သေနတ်နဲ့ ပစ်ခံရလို့ သေဆုံးရမှုတွေ ရှိတယ်လို့ ပြောပေမဲ့ ဘာကြောင့် ပစ်ခံရတယ် ဆိုတာကိုတော့ ပြောဆိုခြင်း မရှိဘဲ စွပ်စွဲမှုတွေ တဖက်သတ် ဖြစ်နေတယ်ပြီး တပ်က အတင်း လိုက်လံ ပစ်ခတ်တာ မရှိဘူး လို့ ဦးတင်မောင်ဆွေက ပြောဆိုပါတယ်။

တပ်မတော်နယ်မြေရှင်းလင်းမှုလပ်ဆောင်ရာမှာ လူ ၇၀၀၊ ၈၀၀ လောက်က ဝိုင်းပြီး တုတ်၊ ဓါး လက်နက်တွေနဲ့ တိုက်ခိုက်တဲ့ အတွက် ပြန်လည် ပစ်ခတ်တာမျိုးတော့ ရှိပြီး ထိခိုက်ဒဏ်ရာရတာတွေတော့ ရှိတယ်လို့ သူက ပြောပါတယ်။

ဒါကြောင့် ထွက်ပြေးကြသူတွေကို သူတို့ ဘာကြောင့် ထွက်ပြေးကြတယ် ဆိုတာ မေးမြန်းဖို့ လိုအပ်တယ်လို့ ဦးတင်မောင်ဆွေက ပြောပါတယ်။