ရွှေတူးတဲ့ ကုမ္ပဏီတွေကြောင့် ရပ်ရွာ ထိခိုက် ရတယ်လို့ ကန့်ကွက်နေ

ရှမ်းနီနဲ့ ကူကီး လူမျိုးစုတွေရဲ့ မြေနေရာတွေကို ရယူ နေ
စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ချင်းတွင်း မြစ်ဘေးက ရှမ်းနီနဲ့ ကူကီးရွာတွေ ၁၂ ရွာ စုပေါင်းလို့ သူတို့ ဒေသထဲက ရွှေတူးတဲ့ လုပ်ငန်းတွေ အားလုံး ရပ်ပါဆိုပြီး တောင်းဆိုချက် ထုတ်ပြန် လာပါတယ်။
ချင်းတွင်း မြစ်ရိုး တလျှောက် ကုမ္ပဏီကြီးတွေ ရွှေလာတူး နေကြတဲ့ အတွက် ဒေသခံ တွေ အနေနဲ့ တောင်ယာမြေတွေ လက်လွှတ် ဆုံးရှုံး နေရသလို၊ လူမှုရေး ပြဿနာတွေ များပြား လာနေတယ် ဆိုပြီး ရှမ်းနီနဲ့ ကူကီး လူမျိုးစု တွေက ပြောဆို ကန့်ကွက် နေကြပါတယ်။
ရွှေတူးတဲ့ ကုမ္ပဏီတွေ ရောက်လာလို့ မူးယစ်ဆေး အပါအဝင် အမျိုးသမီးတွေ ဘဝ မလုံမခြုံ ဖြစ်ရ တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိနေတယ် လို့ ကူကီး အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
အရင် တိုင်ကြားမှု တွေ အပေါ် အစိုးရ ဘက်က ကွင်းဆင်း စစ်ဆေး ချိန်တွေမှာ ဆိုရင် ကုမ္ပဏီတွေက သူတို့ရဲ့ အလုပ်သမားတွေ၊ စက်ယန္တယားတွေကို ခြေရာဖျောက် တိမ်းရှောင် နေကြလေ့ ရှိတယ်လို့ ကူကီး အမျိုးသမီး အခွင့်အရေး အဖွဲ့က ဒေါ်ဘွိုင်နူး က ဆိုပါတယ်။
ရွှေတူးတဲ့ ကုမ္ပဏီတွေ ကြောင့် ဒေသခံ တွေ အတွက် အလုပ်အကိုင် တဒင်္ဂ ခနတာ ရရှိတာနဲ့ ခံစား နေရတဲ့ ဆိုးကျိုးတွေဟာ မမျှ ဖြစ်နေတယ် လို့လည်း ဒေါ်ဘွိုင်နူး က ပြောပါတယ်။
ရွှေတူးတဲ့ ကုမ္ပဏီတွေ အများစုဟာ ဒေသန္တရ အဆင့် အာဏာပိုင်တွေနဲ့ လက်ဝါးချင်း ရိုက်ပြီး ရှမ်းနီနဲ့ ကူကီး လူမျိုးစုတွေရဲ့ မြေနေရာတွေကို ရယူ နေကြတယ် ဆိုပြီး မကျေမနပ်သံတွေ ပေါ်ထွက် နေပါတယ်။
ရှမ်းနီနဲ့ ကူကီး ရွာတွေ ကတော့ သူတို့ ဒေသ ဖွံ့ဖြိုးရေး အတွက် ဆိုရင် စီးပွားရေး ကုမ္ပဏီ တွေက ဒေသဖွံ့ဖြိုးရေး မက်လုံး ပေးပြီး ဝင်ရောက် နေတာထက် စာရင် အစိုးရဘက်က တိုက်ရိုက် တာဝန်ယူပြီး လမ်းတွေဖောက်တာ၊ ကျောင်းတွေ ဆောက်တာမျိုး တွေ ကို ပိုလိုလား နေကြတယ်လို့ ဆိုပါတယ်။