ရခိုင်မှာ အစိုးရတပ်ရဲ့ ပြုမူပုံတွေ အပေါ် စိုးရိမ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ဌာန သတိပေး

ဓာတ်ပုံ မူပိုင် AFP
Image caption နယ်စပ် ဖြတ်ကျော် ထွက်ပြေးရင်း မိခင် ပျောက်ဆုံးခဲ့ရတဲ့ အသက် ၆ နှစ် အရွယ် ရိုဟင်ဂျာ မိန်းကလေးငယ် နူးရ် ဆာဟာရား

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အစိုးရ တပ်တွေရဲ့ ထိုးစစ်တွေကြောင့် ရိုဟင်ဂျာ အရပ်သားတွေ ထောင်နဲ့ချီပြီး ဘင်္ဂလားဒေ့ရှ် ဘက်က နယ်စပ် ရွာတွေဆီ ထွက်ပြေး နေရတဲ့ အပေါ် အင်မတန် စိုးရိမ် နေတယ် ဆိုပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ဌာနက မြန်မာ သံအမတ်ကို ဆင့်ခေါ် ပြောဆို ခဲ့ပါတယ်။

မြန်မာ အစိုးရ စစ်တပ်ရဲ့ ပြုမူပုံတွေဟာ ဘင်္ဂလားဒေ့ရှ် အစိုးရ အတွက်ရော၊ ရိုဟင်ဂျာ အရပ်သားတွေ အတွက်ပါ အင်မတန် ပြင်းထန်တဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေ ရှိလာ စေခဲ့တယ် ဆိုပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ဌာနက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ထဲကို ရိုဟင်ဂျာ အရေအတွက် တော်တော်များများ ဝင်ရောက် လာနိုင် ခဲ့ပေမယ့် တချို့ကတော့ မြန်မာဘက်ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေရဲ့ အတင်းအကြပ် ပြန်လည် နှင်ထုတ်တာ ခံခဲ့ ကြရပါတယ်။

ထွက်ပြေး လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေက ထွက်ဆို နေကြသလိုမျိုး မွတ်ဆလင်မ် ကျေးရွာတွေကို မီးရှို့တာမျိုး၊ အရပ်သားတွေကို သတ်ဖြတ်တာ မျိုး မရှိဘူး ဆိုပြီး မြန်မာ အစိုးရက ငြင်းဆို ထားပါတယ်။

နယ်ခြားစောင့် မြန်မာ ရဲကင်းစခန်းတွေ အတိုက်အခိုက် ခံခဲ့ရတဲ့နောက် ကျူးလွန်ခဲ့ကြတဲ့ လက်နက်ကိုင်တွေ သူတို့ဘက်ခြမ်း ထွက်ပြေး မလာနိုင်အောင်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘင်္ဂလားဒေ့ရှ်ဟာ သူတို့ရဲ့ နယ်စပ်တလျှောက် လုံခြုံရေး တွေ တိုးမြှင့် ချထားပြီး၊ ရခိုင်ဘက်က ပြေးလာကြတဲ့ ရိုဟင်ဂျာ ရွာသားတွေကိုပါ အဝင်မခံ တားဆီးတာတွေ လုပ်ခဲ့တဲ့ အပေါ် နိုင်ငံတကာက ဝေဖန် ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ