နယ်စပ် တည်ငြိမ်ရေး အရေးကြီးတယ်လို့ တရုတ်ပြော

ဓာတ်ပုံ ရင်းမြစ်, MOFA
နေပြည်တော်မှာ ကျင်းပနေတဲ့ တရုတ်မြန်မာ အဆင့်မြင့် ကာကွယ်ရေးနဲ့ နိုင်ငံခြားရေး ဆိုင်ရာ အစည်းအဝေး
ပထမဆုံး တရုတ် မြန်မာ (၂+၂) နှစ်နိုင်ငံဆိုင်ရာ နိုင်ငံခြားရေး ၀န်ကြီးဌာန နဲ့ ကာကွယ်ရေး ၀န်ကြီးဌာန အဆင့်မြင့် အရာရှိတွေ ဆွေးနွေးခဲ့ကြပါတယ်။
နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ အဲဒီ ဆွေးနွေးပွဲကို မြန်မာနိုင်ငံဘက်က နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဆင်ရေးအထူးအဖွဲ့မှူး ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်တို့ ဦးဆောင်ပြီး တရုတ်နိုင်ငံဘက်မှ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Lui Zhenmin နှင့် တရုတ်ဗဟိုစစ်ကော်မရှင် ၊ ဒုတိယညှိနှိုင်းကွပ်ကဲရေးမှူး General Xu Fenlin တို့ ဦးဆောင်ဆွေးနွေးခဲ့ပါသည်။
အဲဒီ အစည်းအဝေးမှာ ရှမ်းပြည်နယ် မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး နယ်စပ် တည်ငြိမ်ရေး အရေးကြီးတဲ့အတွက် စစ်ရေး လှုပ်ရှားမှုတွေ အဆုံးသတ်ပြီး တင်းမာမှု ပြေငြိမ်းဖို့ တရုတ်ဘက်က တိုက်တွန်းခဲ့ပါတယ်။
တရုတ် ကာကွယ်ရေး ဝန်ကြီး ဌာနရဲ့ ဝက်ဘ်ဆိုက် မှာတော့ တရုတ်ပြည်သူ တွေရဲ့ အသက်အိုးအိမ်ကို ထိခိုက် လာမယ် ဆိုရင် ဒီ အတိုင်း လက်ပိုက် ကြည့်နေမှာ မဟုတ်ဘူးလို့ တရုတ် စစ်တပ်က ပြောဆို ထားပါတယ်။
ဒီဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်တဲ့ အကူအညီပေးမှုတွေနဲ့ ပတ်သက်ပြီး နှစ်ဘက် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အခုလို တရုတ်မြန်မာ အဆင့်မြင့် အရာရှိတွေ ဆွေးနွေးနေချိန်မှာ တဖက်မှာလည်း မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု ထဲက ကေအိုင်အေ ဖက်က အခု စစ်ပွဲတွေဟာ ကန့်သတ်စစ်သာ ဖြစ်တယ် ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ထိခိုက်ဖို့ မရည်ရွယ်ဘူးလို့ ကြေညာချက် ထုတ်ထားသလို ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အဖြစ် ဆောင်ရွက်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ကလည်း တိုင်းရင်းသား လက်နက်ကိုင်တွေ အနေနဲ့ NCA စာချုပ်ကို လက်မှတ်ထိုးပါ ၊ ၂၁ ရာစု ပင်လုံ ညီလာခံ သည်သာ တခုတည်းသော ငြိမ်းချမ်းရေး ဖော်ဆောင်မယ့် နည်းလို့ ဆိုထားပါတယ်။
အခုလို ထုတ်ပြန်ချက် တွေနဲ့ ပတ်သက်လို့ တပ်မတော်က လွန်ခဲ့တဲ့ လေးလအတွင်း တိုင်းရင်း လက်နက်ကိုင်တွေ အပေါ် ထိုးစစ်ဆင်နေတာဟာ စစ်ရေးဖက်ကို ဦးတည် သွားနေတာ ဖြစ်ပြီး အခုလို လက်နက်ကိုင် တိုက်တဲ့ နည်းနဲ့ ဆက်သွားနေမယ် ဆိုရင် ဆိုးရွားမှုတွေ ရှေ့ဆက် ကြုံရနိုင်တယ်လို့ ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးဆန်းအောင်က ပြောပါတယ်။
အစိုးရ အနေနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ စစ်ရေးဖက်ကို ရှေ့မရှုဖက်ဘဲ ငြိမ်းချမ်းရေး ဖက်က ပြတ်ပြတ်သားသား ရပ်တည်သွားဖို့ လိုတယ်လို့ သူက ဆိုပါတယ်။
နို၀င်ဘာ ၂၅ ရက်နေ့ နေ့လည်ပိုင်းမှာ မူဆယ်မြို့ ပန်ဆိုင်းနယ်မြေ ရဲစခန်းကို မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု အဖွဲ့တွေထဲက တဖွဲ့က လူသုံးဦး လာရောက် ပစ်ခတ် ထွက်ပြေးသွားတယ်လို့ မူဆယ်မြို့ အထွေထွေ အုပ်ချုပ်ရေးဌာန ဦးစီးအရာရှိ ဦးဇော်မင်းက ပြောပါတယ်။
ဒီပစ်ခတ်မှုကြောင့် ဒု ရဲအုပ်နဲ့ တပ်ကြပ် တယောက် ထိခိုက် ဒဏ်ရာခဲ့ပြီး တခါ ကွတ်ခိုင်မြို့မှာလည်း လက်နက်ကိုင် အဖွဲ့တွေက ကုန်ကားတစီးကို မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ သူက ဆိုပါတယ်။