NLDပါတီဝင်အမတ်သုံးဦး ပါတီတာဝန်က ရပ်ဆိုင်းခံရ

NLD

ဓာတ်ပုံ ရင်းမြစ်, Hluttaw

ဓာတ်ပုံ ပုံစာ,

အခုလို အဖွဲ့ချုပ်တာဝန်က ရုပ်သိမ်းခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်သုံးဦးဟာ သာမန်ပါတီဝင် အဖြစ်နဲ့ လွှတ်တော်အမတ်နေရာမှာ ဆက်ရှိနေမယ်

နိုဝင်ဘာလ ၂၅ရက်နေ့က ပြုလုပ်ခဲ့တဲ့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ လွှတ်တော် ကိုယ်စားလှယ် သုံးဦးကို အဖွဲ့ချုပ်ရဲ့ တာဝန် အသီးသီးက ရုပ်သိမ်းလိုက်ပါတယ်။

ရုတ်သိမ်းခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကတော့ မအူပင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်း၊ မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုးမိုးသူနဲ့ ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်လင်းတို့ ဖြစ်ပါတယ်။

မအူပင်မြို့နယ်အမတ် ဦးစိန်ဝင်းဟာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တယောက်ကို လက်မှတ် အတုလုပ်တယ်ဆိုပြီး အမှုဖွင့် တိုင်ကြားမှုတခု လုပ်ခဲ့ပြီး ပါတီရဲ့ အချင်းချင်း အမှုဖွင့် မတိုင်ကြားရဘူးလို့ သတ်မှတ်ထားတာကိုလည်း လက်မခံခဲ့တဲ့အတွက် လွှတ်တော် ကော်မတီတခုရဲ့ ဥက္ကဌတာဝန်က ရုတ်သိမ်းခံရတာ ဖြစ်ပါတယ်။

မြောင်းမြမြို့နယ် အမတ် ဒေါက်တာစိုးမိုးသူကတော့ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ လူမှုရေးပြဿနာကြောင့် ဖြစ်ပေမယ့် ပါတီနဲ့ လွှတ်တော် ပုံရိပ်ကို ထိခိုက်တဲ့အတွက် ပါတီရဲ့ လူငယ် ကိုယ်စားလှယ် တာဝန်က ရုတ်သိမ်းရတာလို့ ပါတီအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။

ရွှေပြည်သာမြို့နယ်အမတ် ဦးဉာဏ်လင်းကတော့ အုပ်ချုပ်ရေးနယ်ပယ်ကို ဥပဒေပြုကဏ္ဍက စွက်ဖက်တဲ့ အပြုအမူမျိုး ပြုလုပ်ခဲ့တဲ့အတွက် သူ့ရဲ့ လွှတ်တော်တွင်း ဥပဒေကော်မတီတခုရဲ့ အဖွဲ့ဝင် အဖြစ်က ရုတ်သိမ်းလိုက်တာ ဖြစ်တယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

ဦးဉာဏ်လင်းဟာ ရွှေပြည်သာမိုတယ်ကို စစ်ဆေးမှုမှာ အုပ်ချုပ်ရေးအဖွဲ့ကို ခေါ်မသွားခဲ့ပဲ ပိုင်ရှင်တွေကိုလည်း မချေမငံ ဆက်ဆံခံခဲ့ရတဲ့အတွက် ရဲစခန်းကို တိုင်ကြားခံခဲ့ရတာ ဖြစ်ပါတယ်။

အခုလို အဖွဲ့ချုပ်တာဝန်က ရုပ်သိမ်းခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်သုံးဦးဟာ သာမန်ပါတီဝင် အဖြစ်နဲ့ လွှတ်တော်အမတ်နေရာမှာ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

တိုင်ကြားခံထားရတဲ့ တခြားပါတီဝင်တွေနဲ့ ပတ်သက်ပြီး အရေးယူမှုတွေ ဆက်လုပ်သွားမယ်လို့လည်း ဦးဝင်းထိန်က ပြောဆိုထားပါတယ်။