ကက်စ်ထရိုအပေါ် မြန်မာ့နိုင်ငံရေးလောက အမြင်

ဓာတ်ပုံ မူပိုင် AFP/GETTY
Image caption ကက်စ်ထရိုအပေါ် မြန်မာ့နိုင်ငံရေး လောကအမြင်

ကျူးဘားသမ္မတဟောင်း တဦးဖြစ်သလိုကမ္ဘာ့အထင်ရှားဆုံးနဲ့ သက်တမ်းအရှည်ကြာဆုံး အုပ်ချုပ်ခဲ့တဲ့ ခေါင်းဆောင်တွေထဲက တဦးဖြစ်တဲ့ ဖီဒဲလ် ကက်စ်ထရိုဟာ အသက် ၉၀ အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။

သူကွယ်လွန်ကြောင်းကို သူ့နေရာကိုဆက်ခံခဲ့တဲ့ သူ့ရဲ့ညီငယ်လည်း ဖြစ်တဲ့ရာအူးလ် ကတ်စထရိုက ကြေညာခဲ့ပါတယ်။

အမေရိကန်ကို နှစ်ပေါင်းများစွာ အာခံခဲ့သလို လုပ်ကြံရန် ကြံစည်မှုတွေကလည်း အကြိမ်ကြိမ် လွတ်မြောက်ခဲ့သူ ဖြစ်ပါတယ်။

သူ့ကို ထောက်ခံသူတွေက ကျူးဘားကို ကျူးဘားပြည်သူတွေလက်ထဲ ပြန်ထည့်ပေးခဲ့သူလို့ ဆိုကြပြီး ဝေဖန်သူတွေက အာဏာရှင် တဦးအဖြစ် ပြောကြပါတယ်။

ကွန်မြူနစ် ခေါင်းဆောင်တဦးဖြစ်တဲ့ ကက်စ်ထရိုရဲ့အရှိန်အဝါဟာ ဗမာပြည်ကွန်မြူနစ်ပါတီ အပေါ်မှာရော ဘယ်လိုရိုက်ခတ်မှုတွေ ရှိခဲ့ပါသလဲ။

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းကတော့ ကက်စထရိုကို မီးရှူး တန်ဆောင်အဖြစ် လေးစားကြောင်းနဲ့ သူ့ကို အတုယူမယ်လို့ ပြောပါတယ်။ ကွန်မြူနစ် လှုပ်ရှားမှုရဲ့ သူရဲကောင်းတယောက်ဖြစ်ပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်ကြသူတွေအတွက် အားကျစရာစွမ်းဆောင်နိုင်ခဲ့သူ လို့ဆိုပါတယ်။

ဆက်လက်ပြီး လက်နက်ကိုင် တော်လှန်ရေးနဲ့မှသာ အာဏာရှင်တွေကို ဖြုတ်ချနိုင်တယ် ဆိုတာနဲ့ ပြည်သူလူထု ပါမှသာ တော်လှန်ရေး အောင်မြင် နိုင်တယ်ဆိုတာကို သက်သေ ပြခဲ့တယ်လို့ ပြောပါတယ်။

အဲဒီ၁၉၆၀ ဝန်းကျင်တွေက မြန်မာ နိုင်ငံတွင်းက လူငယ်တွေအပေါ်မှာ ကတ်စထရိုရဲ့ ဩဇာသက်ရောက်မှုတွေ ဘယ်လောက်ရှိခဲ့သလဲ ဆိုတာနဲ့ ပတ်သက်လို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ)ရဲ့ ဥက္ကဌ ဦးသုဝေကတော့ ကက်စ်ထရို တို့ဟာ အဲဒီ အချိန်က ပြည်သူလူထုကို အကျိုးမပြုတဲ့၊ ကိုယ်ကျိုး စီးပွားရှာတဲ့ အစိုးရကို တော်လှန်ခဲ့ကြကြောင်း၊ မြန်မာနိုင်ငံတွင်း အခြေအနေတွေနဲ့ တူညီမှုတွေရှိခဲ့တာကြောင့် သူတို့ နမူနာကို သဘောကျ အားရခဲ့ကြောင်းနဲ့ အောင်မြင်မှုတွေကို ချီးကျူးခဲ့တဲ့ အကြောင်း ပြောပါတယ်။

တခါ မြန်မာနိုင်ငံနဲ့ ကက်စ်ထရိုနဲ့ ဆက်စပ်ပတ်သက်မှုတွေ ရှိခဲ့ပုံကိုပြောပြရာမှာတော့ မြန်မာ ပါဝင်လှုပ်ရှားနေခဲ့တဲ့ ဘက်မလိုက် နိုင်ငံများ အဖွဲ့မှာ ကျူးဘားက ကက်စ်ထရိုတို့ အီဂျစ်က နာဆာတို့ ပါလာခဲ့တဲ့နောက်မှာ အင်အားကောင်းလာခဲ့တယ်လို့ ပြောပါတယ်။

အဲဒီ အချိန်က ကမ္ဘာကြီးကို ခြိမ်းခြောက်နေတဲ့ တတိယကမ္ဘာစစ်ရဲ့ အန္တရာယ်ကို ရှင်းပစ်နိုင်ခဲ့တယ်၊ ငြိမ်းချမ်းရေး ရအောင် ဘက်မလိုက် နိုင်ငံများ အဖွဲ့က စွမ်းဆောင်နိုင်ခဲ့တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ