ဦးသန်းရွှေနဲ့ ကေအန်ယူ ဥက္ကဋ္ဌ စောမူတူးစေးဖိုး တွေ့ဆုံ

than shwe

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

စစ်အစိုးရ ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ

အရင် စစ်အစိုးရ ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေနဲ့ ကေအန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့ နေပြည်တော်က ဦးသန်းရွှေ နေအိမ်မှာ တွေ့ဆုံခဲ့ကြပါတယ် ။

ဦးသန်းရွှေအနေနဲ့ သူနိုင်ငံရေးမလုပ်တော့တဲ့အကြောင်း ပြောဆိုတယ်လို့လည်း သိရပါတယ်။

အရင် ဦးသိန်းစိန် လက်ထက်ကလည်း ဦးသန်းရွှေ တွေ့ဆုံဖို့ ခွင့်တောင်းဖူးတယ်လို့ ကေအန်ယူ ဥက္ကဋ္ဌနဲ့ ပါသွားခဲ့တဲ့ ကေအန်ယူ အထွေထွေ အတွင်းရေးမှူး ဖဒို ကွယ်ထူးဝင်းက ပြောပါတယ်။

တွေ့ဆုံရာမှာ နိုင်ငံရေး အကြောင်း မပြောဖြစ်ဘဲ ဦးသန်းရွှေက သူ ကရင်ပြည်နယ်မှာ နေခဲ့တဲ့ အကြောင်း၊ သူ့ဇနီးက ဘားအံ ဘက်က ဖြစ်တယ်လို့ ဆိုကြောင်း ရှေးဟောင်း နှောင်းဖြစ်တွေ ပြောတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ တိုင်းပြည် တိုးတက်ဖို့ ငြိမ်းချမ်းရေး ရမှ ဖြစ်မယ်လို့ ဦးသန်းရွှေက ဆိုတယ်လို့လည်း သိရပါတယ်။ သူ့လက်ထက်မှာ တိုင်းပြည် ဖွံ့ဖြိုးရေး အတွက် အခြေခံ လမ်းတံတား အဆောက်အအုံတွေ တည်ဆောက်ပေးခဲ့ကြောင်း ဦးသန်းရွှေက ဆိုတယ် လို့လည်း ဖဒို ကွယ်ထူးဝင်းက ပြောပါတယ်။

ဦးသန်းရွှေက သူ့အနေနဲ့ နိုင်ငံရေး မလုပ်တော့ပေမယ့် အကြံဉာဏ် ရယူလိုတာ ရှိရင် သူ့ဆီမှာ လာရောက် ဆွေးနွေးနိုင်တယ် လို့လည်း ပြောဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေဟာ အစိုးရ တာဝန်တွေ မယူတော့ပေမယ့် လက်ရှိ တပ်မတော် အာဏာပိုင်တွေထိ သြဇာ ကြီးတဲ့ စစ်ခေါင်းဆောင်ဟောင်းကြီးလည်း ဖြစ်တာမို့ ငြိမ်းချမ်းရေး ကိစ္စ တွေမှာ သူပါဝင်ညှိနှိုင်းပေးနိုင်ရင် တိုးတက်မှု ရှိနိုင်တယ် လည်း သုံးသပ်နေကြပါတယ်။