NLD လွှတ်တော် ကော်မတီဝင်တွေကို တာဝန်ရုပ်သိမ်း

Burma Parliament

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

ပထမဆုံးအကြိမ် တာဝန်ရုပ်သိမ်းခံရ သူ NLD လွှတ်တော် ကော်မတီဝင် ၅ ယောက်ရှိ

NLD ပါတီပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၅ ဦးကို လွှတ်တော်မှာ တာဝန်ပေး ထားတဲ့ ကော်မတီ ဥက္ကဋ္ဌ တာဝန်နဲ့ အဖွဲ့ဝင် တာဝန်တွေက ဖယ်ရှားလိုက်ပြီး နောက် တစ်ယောက် ကိုတော့ ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး အဖြစ်ကနေ ကော်မတီ အဖွဲ့ဝင် အဖြစ် ရာထူး လျှော့ချလိုက် ပါတယ်။

တာဝန်တွေက ပယ်ဖျက် ခံရသူတွေက တောင်သူ လယ်သမားနဲ့ အလုပ်သမား ရေးရာ ကော်မတီဥက္ကဌ ဦးစိန်ဝင်း၊ အဖွဲ့ဝင် ဒေါက်တာစိုးမိုးသူ၊ ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင် ဦးဉာဏ်လင်း၊ စီးပွားရေးနဲ့ ဘဏ္ဍာရေး ဖွံဖြိုးတိုးတက်ရေး ကော်မတီ အဖွဲ့ဝင် ဦးအောင်လှိုင်ဝင်း၊ ကျန်းမာရေး နဲ့အားကစား ဖွံဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာ အောင်ခင်တို့ ဖြစ်ပါတယ်။

လူသိ ရှင်ကြား ပြဿနာ တက်ခဲ့တဲ့ ဦးစိန်ဝင်း၊ ဒေါက်တာ စိုးမိုးသူနဲ့ ဦးဉာဏ်လင်း တို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ ပါတီ တာဝန်တွေက ရပ်စဲ ခံလိုက်ရပြီး အခု လွှတ်တော် ကော်မတီ တာဝန်တွေကပါ ရုပ်သိမ်း ခံရတာ ဖြစ်ပါတယ်။

ဦးစတီဗင် ကိုတော့ ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ကနေ အဲဒီ ကော်မတီ အဖွဲ့ဝင် အဖြစ် ရာထူး လျှော့ချ လိုက်ပါတယ်။

စီးပွားရေးနဲ့ ဘဏ္ဍာရေး ဖွံဖြိုး တိုးတက်ရေး ကော်မတီ အဖွဲ့ဝင် ဦးအောင်လှိုင်ဝင်းက သူကိုကော်မတီ အဖွဲ့ဝင် အဖြစ်က ပယ်ဖျက်ခံရတာဟာ ပြီးခဲ့တဲ့ တစ်ပတ် အင်္ဂါနေ့က ပြည်ထောင်စု လွှတ်တော်မှာ သူ တင်ပြ ဆွေးနွေး ခဲ့တာနဲ့ ပတ်သက်လို့ ပါတီ လူကြီးတချို့က သဘော မကျလို့ ဖြစ်နိုင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ရက်ပိုင်းက ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ အစိုးရက ကိုရီးယားနိုင်ငံ စီးပွားရေး ဖွံဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေမှာ ငွေချေးမယ့် ကိစ္စကို စဉ်းစားသင့်ကြောင်း ကိုအောင်လှိုင်ဝင်းက ဆွေးနွေးခဲ့ပါတယ်။

ပြည်ထောင်စု တဝန်းလုံး မျှမျှတတ ဖြစ်အောင် ပြောဆို ဆွေးနွေး ခဲ့တာ ဖြစ်ပေမဲ့ ပါတီ လူကြီး တချို့ကတော့ အစိုးရ ကို ထိခိုက်နိုင်တယ်လို့ ယူဆတာ ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။

တောင်သူ လယ်သမားနဲ့ အလုပ်သမား ရေးရာ ကော်မတီဥက္ကဌ အဖြစ်က တာဝန် ရုပ်သိမ်း ခံရသူ ဦးစိန်ဝင်းကတော့ ပါတီတွင်းမှာ ဆောင်ရွက်တဲ့ စည်းမျဉ်း စည်းကမ်းတွေမှာ လိုအပ်ချက်တွေ ရှိနေပြီ၊ စနစ်ကျတဲ့ ဥပဒေ၊ နည်းဥပဒေတွေနဲ့ အညီ အကောင်အထည် ဖော်ဖို့ လိုပြီ ဆိုတာ ပိုထင်ရှား လာတယ်လို့ ပြောပါတယ်။

နောက်ထပ် အတိုင်ခံထားရတဲ့ ကိုယ်စားလှယ်တွေ ပါတီစည်းကမ်း မလိုက်နာတဲ့ သူတွေ ရှိနေသေးပြီး ဆက်လက် အရေးယူ သွားမယ်လို့ ပါတီ ဗဟို အလုပ် အမှုဆောင် ဦးဝင်းထိန်က ပြောပါတယ်။