စင်္ကာပူ မြန်မာ ဗီဇာ ကင်းလွတ်ခွင့် ဒီဇင်ဘာ တရက်မှာ စ မယ်

ဓာတ်ပုံ မူပိုင် MOFA
Image caption နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ စင်္ကာပူ ၀န်ကြီးချုပ် လီရှင်လွန်း ဂုဏ်ပြုခံ တပ်ဖွဲ့ကို စစ်ဆေးစဉ်

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သုံးရက်တာ စင်္ကာပူ ချစ်ကြည်ရေး ခရီးစဉ်အတွင်း နှစ်နိုင်ငံ ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ သဘောတူ စာချုပ်တွေ ချုပ်နဲ့ အခွန်နှစ်ထပ် ပေးဆောင်နေရမှု ရှောင်ရှားရေး အပါအ၀င် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးသွားဖို့ ရှိပါတယ် ။

ဒါ့အပြင် စင်ကာပူ-မြန်မာ အသက်မွေး ပညာသင်ကျောင်း ဆိုင်ရာ နားလည်မှု စာချွန်လွှာကို သုံးနှစ် သက်တမ်း တိုးမြှင့်သွားရေးကိစ္စ နဲ့ ရန်ကုန် အပြင် မြန်မာပြည်တွင်းက တခြား မြို့တွေ့ဆီ စင်ကာပူ လေကြောင်းလိုင်း စမ်းသပ်ပြေးဆွဲရေး ကိစ္စတွေကို ဆွေးနွေးဖို့ ရှိတယ်လို့ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ ဒေါ်အေးအေးစိုးက ပြောပါတယ်။

စင်္ကာပူ နိုင်ငံဟာ တရုတ် ပြီးရင် မြန်မာနိုင်ငံမှာ ဒုတိယအများဆုံး ရင်းနှီးမြုပ်နှံထားတဲ့ နိုင်ငံ ဖြစ်ပြီး ၂၀၁၆ စက်တင်ဘာလ အထိ အမေရိကန် ဒေါ်လာ ၁၃ ဘီလီယံ မြုပ်နှံထားတာ ဖြစ်ပါတယ်။

စင်္ကာပူဟာ မြန်မာ နိုင်ငံမှာ လာရောက် ရင်းနှီးမြုပ်နှံပြီး ကုန်ထုတ်လုပ်ငန်းတွေမှာ စျေးသက်သာတဲ့ လုပ်အားတွေကို အသုံးချလိုတဲ့ ဆန္ဒရှိသလို မြန်မာ စျေးကွက်ကိုလည်း ရယူချင်တယ်လို့ စီးပွားရေး ပညာရှင် ဒေါက်တာ စိန်မင်းက ပြောပါတယ်။

မြန်မာ နိုင်ငံ အနေနဲ့ စင်္ကာပူက ပြည်ပ ရင်းနှီးမြုပ်နှံမှုတွေ ဘယ်လို ဆွဲဆောင်သလဲ ဆိုတာကို လေ့လာ အသုံးချသင့်သလို လက်ရှိ မြန်မာ့ ရင်းနှီးမြုပ်နှံမှု ဥပဒေတွေက လာရောက် ရင်းနှီးသူတွေ အတွက် လွယ်ကူ အဆင်ပြေစေဖို့လည်း လိုအပ်တယ်လို့ သူက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စင်္ကာပူ လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံခဲ့သလို ၀န်ကြီးချုပ် လီရှန်လွန်း ရဲ့ ဂုဏ်ပြု ညစာ စားပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။

အခု ခရီးစဉ်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားကြတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ