မုံကိုး တဝိုက် တိုက်ပွဲ ဆက်ဖြစ်နေဆဲ

ဓာတ်ပုံ ရင်းမြစ်, AFP
မူဆယ်ဖက်မှာ ကင်းလှည့်နေတဲ့ နယ်ခြားစောင့်တပ်ဖွဲ့များ
တိုင်းရင်းသား မဟာမိတ် မြောက်ပိုင်း တပ်ပေါင်းစုတွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က မူဆယ်(၁၀၅)မိုင် နယ်စပ် ကုန်သွယ်ရေးဇုန်နဲ့ အနီးတဝိုက်မှာ တိုက်ခိုက်ခဲ့ ပြီးနောက် အဲဒီနေရာ တွေမှာ ငြိမ်သက်စ ပြုပြီလို့ ဆိုနိုင်ပေမဲ့ မူဆယ်ခရိုင် မုံးကိုးမြို့နဲ့ အနီးတဝိုက် မှာတော့ တိုက်ပွဲတွေ ဆက်ဖြစ် နေတယ်လို့ သိရ ပါတယ်။
အစိုးရ စစ်တပ်က မုံးကိုးမြို့ ဗျူဟာကုန်း၊ ခံစစ်ကုန်း နေရာတွေမှာ အခိုင်အမာ နေရာယူထားပြီး နာရီဝက် တစ်ကြိမ် လောက် မဟာမိတ် တပ်ဖွဲ့တွေ လှုပ်ရှားတဲ့ နေရာတွေဆီကို လက်နက်ကြီး တွေနဲ့ လှမ်းပစ်ခဲ့တဲ့ အပြင် ဒီဇင်ဘာ ၁ ရက်နေ့ ဗုဒ္ဓဟူးနေ့က တပ်မတော် လေယာဉ်တွေနဲ့ နှစ်ကြိမ် လာရောက် တိုက်ခိုက် ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၃၀ ရက်နေ့ ညကတည်းက မုံးကိုးတဝိုက်မှာ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေ ခဲ့ပြီး ဒီဇင်ဘာ ၁ ရက်နေ့မှာ မနက်ပိုင်းကနေ နေ့လယ် ၁၂ နာရီကျော် အထိ တိုက်ပွဲတွေ ဖြစ်နေ တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
နိုဝင်ဘာ ၂၀ ရက်နေ့က တိုက်ခိုက် ခဲ့ကြတဲ့ မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုတွေနဲ့ ပတ်သက်တယ်ဆိုပြီး မသင်္ကာလို့ ဖမ်းဆီးခံ ထားရသူ ၅၀ ကျော်ဟာ မုံးကိုးမြို့က အစိုးရစစ်တပ် အခြေစိုက်ထားရာ ဗျူဟာကုန်း အတွင်းမှာ ရှိနေသေးတယ်လို့ ဖမ်းဆီးခံထားရ ရာက ပြန်လွတ် လာသူတွေရဲ့ မိသားစုတွေက ပြန်ပြော ပါတယ်။
သူတို့ကို ကြိုးတွေနဲ့ ချည်ပြီး ဗျူဟာကုန်း ထဲက ခြံဝင်း တလျှောက် လူသားဒိုင်း သဖွယ် သုံးနေတယ် လို့လည်း ဆိုပါတယ်။
အဖမ်းခံရသူတွေ ထဲမှာ တရုတ်ပြည်ဖက်မှာ နေထိုင်တဲ့ ကချင်နဲ့ ရှမ်းတိုင်းရင်းသား တွေကို တရုတ်နိုင်ငံ ဖက်က တောင်းဆိုမှုနဲ့ ပြန်လွှတ် ပေးလိုက် ပေမဲ့ မြန်မာ နိုင်ငံဖက်ခြမ်းမှာ နေတဲ့ တိုင်းရင်းသားတွေ ကိုတော့ ဆက်လက် ဖမ်းဆီးထားတယ်လို့ ပြန်လွတ် လာသူတွေက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် မုံးကိုး တဝိုက်မှာ နေထိုင်သူတွေက တရုတ်မြန်မာ နယ်စပ် တရုတ်ဖက်ခြမ်းက မန်ဟိုင်းမှာ ဒုက္ခသည်တွေ အဖြစ် ခိုလှုံ နေကြပါတယ်။
ဒုက္ခသည် ဦးရေ ၂၀၀၀ ဝန်းကျင် လောက်ကို တရုတ် အာဏာပိုင်တွေက လိုအပ်တဲ့ ကူညီ စောင့်ရှောက်မှုတွေ ပေးနေတယ် လို့လည်း မန်ဟိုင်းမြို့မှာ ခိုလှုံနေတဲ့ ဒုက္ခသည် တွေက ပြောပါတယ်။