ရခိုင် ကိစ္စ မလေးရှား နိုင်ငံခြားရေးဌာန ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, LYNN BO BO
ရန်ကုန် မလေးရှားသံရုံးရှေ့ ကန့်ကွက်ဆန္ဒပြ
ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေးဟာ ပြည်တွင်းရေးသာမက မလေးရှားလို အိမ်နီးချင်း အာဆီယံတနိုင်ငံရဲ့ လုံခြုံရေးကိုပါ သက်ရောက်မှု ရှိလာတဲ့ အတွက် နိုင်ငံတကာ ကိစ္စဖြစ်လာပြီလို့ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဒီအခြေအနေတွေဟာ အထူးသဖြင့် လူမျိုးတမျိုးကို ကွယ်ပျောက်အောင် ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်တယ်လို့လည်း ဒီကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒီကိစ္စကို မလေးရှားအစိုးရအနေနဲ့ ဘာသာရေးကြောင့် မဟုတ်ပဲ လူသားချင်းစာနာမှုဆိုင်ရာကိစ္စအဖြစ် ယူဆ ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံဘက်ကတော့ ဒီကိစ္စတွေဟာ ပြည်တွင်းရေးသာ ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက တုံ့ပြန်ထားပါတယ်။
နောက်ပြီး မလေးရှား နိုင်ငံမှာ ရိုဟင်ဂျာ တွေ အရေးနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် နာဂျစ် ရာဇက် ကိုယ်တိုင် ဆန္ဒပြမယ်ဆိုတာနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရဘက် သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက အာစီယံ ပဋိဉာဉ်နဲ့အညီ မစွက်ဖက်သင့်ဘူးလို့ ပြောကြား ခဲ့ပါတယ်။
တခါ စင်္ကာပူက ချယ်နယ် နယူးစ် အေးရှား ရုပ်သံနဲ့ တွေ့ဆုံခန်းမှာလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူ့အသိုင်းအဝိုင်း ၂ ခု ပြန်လည် သင့်မြတ်ရေးအတွက် နိုင်ငံတကာက ဝင်ပြီး ထိုးဆွ ပေးမယ့်အစား ငြိမ်းချမ်းတည်ငြိမ်မှုတွေ ရှိအောင် ကူညီသင့်တယ်လို့ ပြောကြား ခဲ့ပါတယ်။
ရှုပ်ထွေးတဲ့ အခြေအနေတွေကြားက ပြန်လည် သင့်မြတ်ရေးအတွက် အစိုးရ ကြိုးပမ်း နေချိန်မှာ နိုင်ငံတကာ တုံ့ပြန်ချက်တွေက အထောက်အကူ မဖြစ်ဘဲ အနုတ်လက္ခဏာ ဆောင် နိုင်တယ် လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။
ပြည်တွင်းမှာ ပြဿနာ ပေါ်ချိန်မှာ မလေးရှားက လူမျိုးတူတွေရဲ့ ဖိအား၊ ဘာသာရေးအရ စည်းရုံးမှုတွေ လုပ်ဆောင်လာတာကို မလေးရှား အစိုးရ နားယောင်လာတာ ဖြစ်နိုင်တယ်လို့လည်း သူက ဆိုပါတယ်။
နောက်ပြီး ရန်ကုန်က မလေးရှား သံရုံးရှေ့မှာလည်း မလေးရှားက ဝန်ကြီးချုပ် ကို ဆန္ဒပြမှု တချို့ စနေနေ့မှာ ရှိခဲ့ပါတယ်။
မလေးရှားက မြန်မာတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး သတိပြုကြဖို့လည်း မလေးရှား မြန်မာ သံရုံးက အရင်ပတ်ထဲမှာ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။