ရှမ်းမြောက်တိုက်ပွဲတွေရပ်ရေး ဆွေးနွေးပွဲပျက်

ရှမ်း

ဓာတ်ပုံ ရင်းမြစ်, Myanmar State Councilor Office

ဓာတ်ပုံ ပုံစာ,

လွှတ်တော်ထဲမှာ ပြောဆိုတာနဲ့ ကော်မရှင်ဆောင်ရွက်ချက်တွေက တိုက်ရိုက်မသက်ဆိုင်ပဲ ကော်မရှင်အနေနဲ့ အထက်က ညွှန်ကြားမှုနဲ့သာ လုပ်နေရပြီး ထိုးစစ်လုပ်တဲ့သူက ရပ်မှဖြစ်မယ်လို့ ဦးခင်ဇော်ဦးက ပြော

ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကော်မရှင်က တရုတ်အစိုးရရဲ့ စီစဉ်မှုနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေ ဖြစ်တဲ့ KIA, TNLA, MNDAA နဲ့ AA အဖွဲ့တွေနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဖို့ စီစဉ်ခဲ့ပေမယ့် နှစ်ဘက် ညှိနှိုင်းလို့ မရခဲ့တဲ့အတွက် တွေ့ဆုံရေး ပျက်ပြားခဲ့ရပါတယ်လို့ ဒီကနေ့ ကျင်းပတဲ့ ကော်မရှင်ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဒီဆွေးနွေးပွဲပျက်ရတာဟာ သူတို့အနေနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေကို တဖွဲ့ချင်းစီ တွေ့ဖို့ ပြောရာမှာ သုံးဖွဲ့က လက်ခံခဲ့ပေမယ့် ကချင် ကေအိုင်အေက လက်မခံခဲ့ပဲ ကျန်တဲ့ သုံးဖွဲ့နဲ့ တွေ့တဲ့နေရာမှာတော့ ကေအိုင်အေပါဝင်တာကို ကော်မရှင်က လက်မခံနိုင်တဲ့အတွက် ဆွေးနွေးပွဲ ပျက်ရတာလို့ ငြိမ်းချမ်းကော်မရှင်အဖွဲ့အတွင်းရေးမှူး ဦးခင်ဇော်ဦးက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

မြောက်ပိုင်းမဟာမိတ် အဖွဲ့ဘက်ကတော့ တပ်ဖွဲ့(၄)ဖွဲ့စလုံးကို တစုတည်းတွေ့ဖို့ တောင်းဆိုခဲ့တာ ဖြစ်ပြီး ငြိမ်းချမ်းရေးကော်မရှင်ဘက်က ဒါကို လက်မခံခဲ့လို့ ဆွေးနွေးပွဲ ပျက်ရတာလို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ထဲပါတဲ့(တအာင်း) ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA က အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာ့ဘုန်းကျော်က ဘီဘီစီကို ပြောပါတယ်။

ရှမ်းပြည် မြောက်ပိုင်းမှာ အစိုးရစစ်တပ်နဲ့ ကချင် ကေအိုင်အေ၊ တအောင်း(ပလောင်) TNLA၊ ရခိုင် AA၊ ကိုးကန့် MNDAA တို့ ဖွဲ့ထားတဲ့ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တွေ သီတင်း(၂)ပတ်ကျော်ကြာ တိုက်ပွဲတွေ အခုထိ ဆက်လက် ဖြစ်ပွားနေပါတယ်။

တိုက်ပွဲတွေကြောင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ဖို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်မှာ ဆွေးနွေးတာမျိုးတွေလည်း ရှိခဲ့ပါတယ်။

လွှတ်တော်ထဲမှာ ပြောဆိုတာနဲ့ ကော်မရှင်ဆောင်ရွက်ချက်တွေက တိုက်ရိုက်မသက်ဆိုင်ပဲ ကော်မရှင်အနေနဲ့ အထက်က ညွှန်ကြားမှုနဲ့သာ လုပ်နေရပြီး ထိုးစစ်လုပ်တဲ့သူက ရပ်မှ မူလ အခြေအနေကို ပြန်ရောက်မှာ ဖြစ်ပေမယ့် တိုက်ပွဲတွေရပ်ဆိုင်းဖို့နဲ့ ငြိမ်းချမ်းရေးရဖို့ နည်းလမ်းရှာနေတယ်လို့ ဦးခင်ဇော်ဦးက ပြောဆိုထားပါတယ်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နဲ့ ဆွေးနွေးပွဲ ပျက်ခဲ့ရပေမယ့် ဝနဲ့ မိုင်းလားအဖွဲ့တွေကို ကော်မရှင်အနေနဲ့ သီးခြားတွေ့ခွင့်ရပြီး စစ်ရေးတင်းမာမှုတွေ လျော့ဖို့ ဆွေးနွေးနိုင်ခဲ့တယ် ကော်မရှင်ဘက်က ပြောဆိုထားပါတယ်။