အပစ်ရပ်ပြီး ဆွေးနွေးဖို့ မြောက်ပိုင်းမဟာမိတ် တောင်းဆို

အစိုးရ ရဟတ်ယာဉ်နဲ့ ပစ်လို့ အရပ်သားတွေ သေဆုံး ဒဏ်ရာ ရတယ် ဆိုတာကို တပ်မတော်က ငြင်းဆို ထားပါတယ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

အစိုးရ ရဟတ်ယာဉ်နဲ့ ပစ်လို့ အရပ်သားတွေ သေဆုံး ဒဏ်ရာ ရတယ် ဆိုတာကို တပ်မတော်က ငြင်းဆို ထားပါတယ်

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့ ပါတဲ့ မြန်မာပြည် မြောက်ပိုင်း မဟာမိတ် ကနေ တနိုင်ငံ လုံး အပစ် အခတ် ရပ်စဲပြီး၊ စစ်မှန်တဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး ပွဲတွေ လုပ်ဖို့ အစိုးရကို တောင်းဆိုကြောင်း ကြေညာချက် ထုတ်ပြန်လိုက် ပါတယ်။

ကေအိုင်အေ၊ တီအန်အဲလ်အေ၊ အေအေ နဲ့ ကိုးကန့် အဖွဲ့ တို့ ဖွဲ့စည်းထားတဲ့ ဒီ မဟာမိတ် က အချက် ၅ ချက်ပါ ကြေညာချက်ကို ထုတ်ပြန် လိုက်တာ ဖြစ်ပြီး၊ အစိုးရ တပ်ဖွဲ့တွေ အနေနဲ့ တိုင်းရင်းသား နယ်မြေတွေ ကနေ ဆုတ်ခွာ ဖို့နဲ့ တရုတ် နိုင်ငံ ကနေ ကြားဝင် ညှိနှိုင်း ပေးဖို့ အချက်လည်း ပါဝင် ပါတယ်။

အခုလို တိုက်ပွဲတွေ ဆက်ဖြစ်နေရင် အများပြည်သူ စီးပွားရေးနဲ့ လုံခြုံရေး အတွက် အများ ကြီး ထိခိုက်လာ နိုင်တာကြောင့် အပစ်ရပ် ဖို့ အခုလို တောင်းဆို ရတာလို့ မဟာမိတ် မှာပါတဲ့ တီအန်အဲလ်အေ အဖွဲ့က ပြောပါတယ်။

မုံးကိုး မြို့ ကနေ လည်း မဟာမိတ် အဖွဲ့က နောက်ဆုတ် ပေးလိုက် ပြီ ဖြစ်ပြီး၊ တပ်မတော် ကနေ ပြန်လည် ထိန်းချုပ်သွားပြီ ဖြစ်တာကို၊ တီအန်အဲလ်အေ ပြန်ကြားရေး တာဝန်ခံ မိုင်အိုက်ကျော်က ဘီဘီစီကို အတည်ပြု ပြောကြား ပါတယ်။

အခုလို မုံးကိုး ကို ထိန်းချုပ်ဖို့ အတွက် တပ်မတော် ကနေ တနင်္ဂနွေ နေ့က ရဟတ်ယာဉ်နဲ့ ပစ်ခတ် မှုတွေ လုပ်ခဲ့ရာ၊ မုံးကိုးနဲ့ ၅ မိုင် အကွာ မှာ ရှိတဲ့ နမ့်ဟာရွာ ကိုလည်း ပစ်ခတ်ခဲ့ တာကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိ သွားတယ်လို့ ဒေသခံ တဦး က ဘီဘီစီ ကို ပြောပါတယ်။

ဒဏ်ရာရတဲ့ သူတွေကို အခုအခါ တရုတ်ပြည်ဘက်ခြမ်း မန်ဟိုင်း ဆေးရုံမှာ ကုသနေ တယ် လို့လည်း သူက ပြောပါတယ်။

ဒါပေမယ့် အခုလို ရပ်သား သေဆုံးမှုတွေ ရှိခဲ့တယ် ဆိုတာ မဟုတ်မှန် ကြောင်း ကာကွယ်ဝန် ဝန်ကြီး ဌာန ပြောခွင့်ရ ဗိုလ်ချုပ် အောင်ရဲဝင်း က ငြင်းဆို သွားပါတယ်။