နတ်မြစ်ထဲ နစ်ခဲ့တဲ့ လှေပေါ် ရိုဟင်ဂျာ အယောက် ၃ဝ ဝန်းကျင် ပါသွားတယ်လို့ ဆို

Image caption ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်

ရခိုင်ပြည်နယ် မြောက်ပိုင်း ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးကြတဲ့ ရိုဟင်ဂျာတွေကို သယ်ဆောင်လာရာ လှေငယ် တစ်စင်း နှစ်နိုင်ငံ နယ်ခြားက မြစ်ထဲ နစ်မြုပ် ခဲ့တယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် နေပါတယ်။

ဘင်္ဂလားဒေ့ရှ် တံငါသည် တစ်ဦးရဲ့ အဆိုအရ သူ ရိုဟင်ဂျာ အမျိုးသမီး တစ်ယော်က်ကို ကယ်တင် ရမိတယ်လို့ ပြောပါတယ်။

အဲဒီ့ အမျိုးသမီး လိုက်ပါလာတဲ့ လူပြွတ်သိပ် ကြပ်သပ် နေတဲ့ လှေငယ်ဟာ နောက်က လိုက်လာတဲ့ မြန်မာ စစ်တပ်ရဲ့ မော်တော်ဘုတ်ကနေ လွတ်အောင် ပြေးရင်း နတ်မြစ်ထဲ နစ်မြုပ် ခဲ့တာလို့ သူ့ကို ပြန်ပြောင်း ပြောကြောင်း လည်း ထွက်ဆို ပါတယ်။

နစ်သွားတယ် ဆိုတဲ့ လှေပေါ်မှာ ရိုဟင်ဂျာ အယောက် ၃ဝ ဝန်းကျင် လိုက်ပါ ခဲ့တာ ဖြစ်တယ်လို့ ဘင်္ဂလာဒေ့ရှ် ဘက်မှာ ပြောဆို နေကြပြီး အဲဒီ့သူတွေဟာ ပျောက်ဆုံး နေဆဲ ဖြစ်ပါတယ်။

ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ဘီဘီစီ အနေနဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ကို ဆက်သွယ် စုံစမ်းတဲ့ အခါမှာတော့ အဲဒီ့ သတင်း သူတို့ မရထားဘူး ဆိုပြီး တုံ့ပြန် ပါတယ်။

တခါ၊ မြန်မာ နိုင်ငံမှာ ရိုဟင်ဂျာ မွတ်ဆလင်မ်တွေ အပေါ် အစိုးရက ပစ်မှတ်ထား ကျူးလွန် နေတယ် ဆိုပြီး မလေးရှားမှာ ဝန်ကြီးချုပ် ကိုယ်တိုင် ဦးဆောင် ဆန္ဒပြ လာတဲ့ အပြုအမူ အပေါ် ကန့်ကွက်ကြောင်း မြန်မာနိုင်ငံ ထဲက အစ္စလာမ် လူမှုရေး အဖွဲ့အစည်း ၁ဝ ဖွဲ့က စုပေါင်း ထုတ်ပြန် လာပါတယ်။

ပြည်တွင်းရေးကို စွက်ဖက်ရာ ရောက်တဲ့ အတွက် ကန့်ကွက် ရတာ ဖြစ်တယ်လို့ မြန်မာ မွတ်ဆလင်မ် အရပ်ဖက် လူ့အဖွဲ့အစည်း ညွှန့်ပေါင်း အဖွဲ့က ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပျက် နေတာတွေဟာ မြန်မာ နိုင်ငံက မွတ်ဆလင်မ် အားလုံးကို ကိုယ်စား မပြုဘူး ဆိုပြီး သူတို့ ထုတ်ပြန်ချက် ထဲ ဖော်ပြ ထားပါတယ်။

မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇတ် ကတော့ ရိုဟင်ဂျာ အရေးကို ဘာသာရေး အခြေခံနဲ့ ဆန္ဒပြတာ မဟုတ်ပဲ၊ လူသားချင်း စာနာ နားလည်မှု ရှုထောင့်နဲ့ ပြုလုပ်တာ ဖြစ်တယ် ဆိုပြီး ပြောထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ