ပအိုဝ်း အဖွဲ့ UNFC တပ်ပေါင်းစုက ထွက်ပြီ

ဓာတ်ပုံ ရင်းမြစ်, Pnlo facebook
PNLO အနေနဲ့ လုပ်စရာ ရှိတာတွေ အများကြီး ရှိနေ တာကြောင့် အပြီးတိုင် နုတ်ထွက် ဖို့ ဆုံးဖြတ်
ပအိုဝ်း အမျိုးသား လွပ်မြောက်ရေး အဖွဲ့ချုပ် PNLO ဟာ လက်နက်ကိုင် တိုင်းရင်းသား မဟာမိတ် အဖွဲ့ ဖြစ်တဲ့ UNFC ကနေ အပြီးတိုင် နုတ်ထွက် လိုက်ပြီ ဖြစ်ကြောင်း PNLO ဦးဆောင် နာယက ဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားပါတယ်။
PNLO ဟာ မြန်မာ အစိုးရ နဲ့ ပြုလုပ်ထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် NCA ကို လက်မှတ် ရေးထိုး တာ ဖြစ်ပြီး၊ အဲဒီလို လက်မှတ် ရေးထိုး ပြီးနောက် UNFC ကနေ PNLO ကို အဖွဲ့ဝင် အဖြစ် ကနေ ယာယီ ရပ်ဆိုင်း ထားခဲ့တာ ဖြစ်ပါတယ်။
အခုလို ယာယီ ရပ်ဆိုင်း ခံထား ရတာ ကို ဆွေးနွေးဖို့ UNFC ညီလာခံ ကို စောင့်ဆိုင်း နေခဲ့တာ ကြာပြီ ဖြစ်တဲ့ အတွက်၊ အခု အချိန် မှာတော့ PNLO အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အတွက် လုပ်စရာ တွေ အများကြီး ရှိနေ တာကြောင့် အပြီးတိုင် နုတ်ထွက် ဖို့ ဆုံးဖြတ်လိုက်တာ လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ PNLO ဗဟိုမတီ ကော်မတီ အစည်း အဝေး ကနေ အခုလို အပြီးတိုင် နုတ်ထွက်ဖို့ ဆုံးဖြတ် ပြီးသား ဖြစ်တယ်လို့ လည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။
တခြား UNFC အဖွဲ့ဝင် ဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး CNF ကိုလည်း NCA မှာ လက်မှတ် ထိုးတဲ့ အတွက် အဖွဲ့ဝင် အဖြစ်က ယာယီ ရပ်ဆိုင်း ထားတာ ဖြစ်ပါတယ်။
ကရင် အမျိုးသား အစည်းအရုံး KNU ကတော့ သူ့ ဘာသာသူ UNFC ကနေ နုတ်ထွက် ထားတာ ဖြစ်ပါတယ်။
အခု PNLO အဖွဲ့ ကိစ္စနဲ့ ပတ်သက်ပြီး UNFC ကို ဆက်သွယ် မေးကြည့်တော့ လောလော ဆယ် မှတ်ချက် မပေးသေး ဘူးလို့ ဘီဘီစီ ကို ပြော ကြား သွားပါတယ်။
UNFC ညီလာခံကို အခု ဒီဇင်ဘာလ ထဲမှာ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် အခြေအနေ အရပ်ရပ် ကြောင့် ၂၀၁၇ ထဲကျမှ လုပ်ဖြစ်မှာ ဖြစ်တယ်လို့ UNFC က ဝန်ရှိသူ တဦးဖြစ်တဲ့ ဦးထွန်းဇော်က ပြောပါတယ်။