မောင်တောကို အကူအညီ ပို့ရေး လမ်းကြောင်း ဖွင့်ဖို့ ကိုဖီအာနန်ပြော

Former UN secretary-general Kofi Annan (C in grey suit), head of a nine-member multi-sector advisory commission on Myanmar"s Rakhine State, is accompanied by local military, police officers and government officials in Wapeik, a burned out Rohingya village in Maungdaw located in Rakhine State near Bangladesh border, on December 3, 2016.

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ,

မစ္စတာ အာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ မောင်တောကို သွားခဲ့

ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန် က ရခိုင်ပြည်နယ်မှာ နှစ်ဖက် အသိုင်း အဝိုင်း ကြားမှာ ထိတ်လန့် နေကြပြီး အချင်းချင်း ယုံကြည်မှု ကင်းမဲ့ နေတာတွေကို အပြန်အလှန် ဆွေးနွေး အဖြေရှာဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ပဋိပက္ခတွေ ဖြစ်နေတဲ့ မောင်တော ဒေသမှာ လူသားချင်းစာနာမှု အကူအညီတွေ ပေးဖို့ အစိုးရနဲ့ တပ်မတော်ကို တိုက်တွန်း ခဲ့တယ်လို့လည်း မစ္စတာ ကိုဖီအာနန်က ဒီဇင်ဘာလ ၆ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လုံခြုံရေး အတွက် နယ်မြေ ရှင်းလင်းမှုတွေ ဆောင်ရွက်နေပေမဲ့ အဲဒီ ဒေသတွေကို လူသားချင်းစာနာမှု အကူညီတွေ ပေးဖို့ အဟန့်အတား မရှိစေချင်ဘူးလို့ သူက ပြောပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံ စဉ်မှာ လူသားချင်း စာနာချင်း ထောက်ထားတဲ့ အကူအညီတွေ သွားရောက် နိုင်တဲ့ နေရာတွေ ရှိနေပြီ ဖြစ်ကြောင်းနဲ့ အခု နယ်မြေ ရှင်းလင်းရေး လုပ်ပြီးတဲ့ နေရာတွေမှာလည်း သွားခွင့်ပြုတော့မယ့် အကြောင်း ပြောတယ်လို့ မစ္စတာ အာနန်က ပြောပါတယ်။

တပ်မတော်ဖက်က နယ်မြေ ရှင်းလင်းရေး စစ်ဆင်ရေး လုပ်ငန်းတွေလုပ်ဆောင်နေချိန်မှာ လူသားချင်း စာနာမှု အကူအညီတွေကို လည်း တချိန်တည်း ပေးသင့်ကြောင်းနဲ့ ရခိုင်ပြည်နယ် အကျိုး စီးပွားကို တပ်မတော်က ကာကွယ် ပေးနေချိန်မှာ အရပ်ဖက် လူထုတွေရဲ့ အခွင့်အရေး ကာကွယ်ဖို့လည်း ဂရုပြု ဆောင်ရွက်ဖို့ မစ္စတာ အာနန်က ပြောခဲ့တယ်လို့ ဆိုပါတယ်။

မောင်တောဒေသ ပဋိပက္ခ အတွင်းမှာ အမျိုးသမီးတွေ အပေါ် အဓမ္မ ပြုကျင့်မှု၊ သတ်ဖြတ်မှုတွေ ရှိတယ် ဆိုတဲ့ စွပ်စွဲ ပြောဆိုကြတာတွေ ရှိသလို ဆိုးဆိုးရွားရွား အခြေအနေတွေကို ခရီးစဉ်အတွင်း တွေ့ရှိခဲ့ ရလားလို့ သတင်းထောက်တွေက မေးမြန်း ရာမှာ ပဋိပက္ခဖြစ်နေ ချိန်မှာ သွားခဲ့တာ မဟုတ်လို့ အဲဒီ ကိစ္စတွေကို မြင်ရရတယ် လို့တော့ ပြောလို့ မရကြောင်း ပြောပါတယ်။

အဲဒီ နေရာတွေမှာ လွတ်လွတ်လပ်လပ် သတင်းယူခွင့် ပေးမယ် ဆိုရင် မမှန်မကန် ပြောဆိုနေတဲ့ ကောလာဟလ တွေကို တနည်းအားဖြင့် ဖြေရှင်း နိုင်လိမ့်မယ်လို့ ကိုဖီအာနန်က ပြောခဲ့ပါတယ်။

အကြံပေး ကော်မရှင်ရဲ့ လုပ်ငန်းတာဝန်က စုံစမ်းစစ်ဆေးရေး လုပ်ဖို့ သွားခဲ့တာ မဟုတ်ဘူး လို့လည်း ဆိုပါတယ်။

ကော်မရှင် အနေနဲ့ ရခိုင်ပြည်နယ် အတွင်းမှာ တင်းမာမှုတွေ လျော့သွားပြီး ဖွံဖြိုးတိုးတက်ရေးတွေ လုပ်နိုင်ဖို့ အစိုးရကို အကြံပြုမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် အနောက် မြောက်ပိုင်း ပြဿနာမှာ လူမျိုးတုံး သတ်ဖြတ်မှု လုပ်ဆောင်တယ်ဆို တဲ့ အသုံးအနှုန်း ကိုတော့ မသုံးသင့်ကြောင်း မစ္စတာ အာနန်က ပြောပါတယ်။