မြောက်ပိုင်း မဟာမိတ် တွေကို အကြမ်းဖက်အဖွဲ့ အဖြစ် ရှမ်းပြည်နယ် လွှတ်တော် သတ်မှတ်

ဓာတ်ပုံ ရင်းမြစ်, AFP
မုံးကိုးက တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံဖက် ထွက်ပြေးတဲ့ ဒုက္ခသည်များ
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အစိုးရ တပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့တွေကို အကြမ်းဖက် အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်ဖို့ ဒီဇင်ဘာလ ၇ ရက်နေ့ ရှမ်းပြည်နယ် အရေးပေါ် လွှတ်တော် အစည်း အဝေးက အတည်ပြုလိုက် ပါတယ်။
MNDAA ကိုးကန့် အဖွဲ့၊ KIA ကချင် လွတ်လပ်ရေး အဖွဲ့နဲ့ TNLA ပလောင် အဖွဲ့တို့ကို အကြမ်းဖက် အဖွဲ့တွေ အဖြစ် သတ်မှတ်ဖို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ လားရှိုး မြို့နယ် ကိုယ်စားလှယ် ဦးအောင်သူက တင်သွင်းခဲ့တဲ့ အရေးကြီး အဆိုကို ဆွေးနွေးပြီး မဲခွဲ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီ အဆိုကို ထောက်ခံသူ ၆၁ ယောက်၊ ကန့်ကွက်သူ ၄၅ ယောက်နဲ့ ကြားနေ ၇ ယောက် ရှိခဲ့လို့ ထောက်ခံတဲ့ဖက်က အနိုင်ရပြီး အဆိုကို အတည်ပြုခဲ့တာ ဖြစ် ပါတယ်။
တိုင်းရင်းသား ပါတီတွေက တင်သွင်းတဲ့ အဆိုတွေကို အလေးမထားဘဲ အခုလို တိုင်းရင်းသား မဟာမိတ် အဖွဲ့တွေကို အကြမ်းဖက် အဖွဲ့တွေ အဖြစ် သတ်မှတ်လိုက်တဲ့ အတွက် စစ်ပွဲ တွေကို ရပ်တန့် စေမှာ မဟုတ်ဘဲ ပိုဖြစ်လာအောင် လုပ်သလို ဖြစ်နေ တယ်လို့ သီပေါမြို့နယ် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် နန့်စမ်းစမ်းအေးက ပြော ပါတယ်။
အကြမ်းဖက် အဖွဲ့အစည်းတွေအဖြစ်သတ်မှတ်ရေး အဆိုကို ပြည်နယ် လွှတ်တော်မှာ ဆွေးနွေးဖို့ မလိုလားကြောင်း အရပ်ဖက် အဖွဲ့ အစည်း ၁၃၀ ကျော်က အိပ်ဖွင့်ပေးစာ တစ်စောင် ရှမ်းပြည်နယ် လွှတ်တော်ကို ပို့ခဲ့ပါသေးတယ်။
မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့တွေကို အကြမ်းဖက် အဖွဲ့ အဖြစ် သတ်မှတ်လိုက်တာဟာ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ရှုပ်ထွေး စေတယ်လို့ ယူဆကြောင်း လူမှု အဖွဲ့ ၁၃၀ မှာ ပါတဲ့ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှု တာဝန်ယူမှု တာဝန်ခံမှု ဆိုင်ရာ အရပ်ဖက် လူမှု မဟာမိတ်အဖွဲ့ MATA ရဲ့ ပြောခွင့်ရသူ ကိုမိုးက ပြောပါတယ်။
ရှမ်းပြည်နယ်လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ဒီအဆိုဟာ ဒီဇင်ဘာ ၂ ရက်နေ့က နေပြည်တော် ပြည်ထောင်စု အဆင့် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ အပြတ်အသတ် ရှုံးနိမ့်ပြီးနောက် ရှမ်းပြည်နယ် လွှတ်တော်မှာ ထပ်တင်ပြီး အတည်ပြု ဆုံးဖြတ်လိုက် တာကြောင့် စစ်ဖြစ်နေတဲ့ နေရာတွေမှာ ရှိတဲ့ ဒေသခံတွေက တော့ အစိုးရ စစ်တပ်နဲ့ လက်နက်ကိုင် အင်အားစုတွေကြား စစ်ရေးတင်းမာမှုတွေ ပိုတိုး လာမှာကို အထူး စိုးရိမ်နေကြပါတယ်။