မုံးကိုး ရဲ စခန်း တိုက်ခိုက် ခံရတုန်း သေဆုံးခဲ့သူ တွေရဲ့ အလောင်းတွေ တွေ့လာ

မြန်မာရဲ သင်တန်းသား အသစ်တွေ
ရှမ်းပြည်နယ် အရှေ့မြောက် ဒေသ မုံးကိုးကို အစိုးရ စစ်တပ် က ပြန်လည် ထိန်းချုပ်ပြီး နယ်မြေ ရှင်းလင်း တာတွေ လုပ်ဆောင် ကြတုန်း မုန်းကုန်း နယ်မြေ ရဲ စခန်းက ရဲတပ်ဖွဲ့ဝင် အလောင်း ၇ လောင်းကို နေရာ အသီးသီးက တွေ့ရှိ ခဲ့ရတယ် ဆိုပြီး အစိုးရက ထုတ်ပြန်ပါတယ်။
မြောက်ပိုင်း မဟာမိတ် အဖွဲ့လို့ ခေါ်တဲ့ ကချင်တပ် KIA၊ တအာင်းပလောင်တပ် TNLA နဲ့ ကိုးကန့်တပ် MNDAA ပူးပေါင်း အဖွဲ့က ဒီဇင်ဘာ ၂ ရက် နေ့တုန်းက အင်အားသုံးပြီး မုံးကိုးကို တိုက်ခိုက် လာခဲ့တုန်း အဆက်အသွယ် ပြတ်တောက် ခဲ့ရတဲ့ ရဲ တပ်ဖွဲ့ဝင် တွေ ထဲက တချို့ ရဲ့ ရုပ်အလောင်း တွေကို ပြန်လည် တွေ့ရှိ လာခဲ့တာ ဖြစ်ပါတယ်။
မုံးကိုး နယ်မြေ ရဲ စခန်းက စုစုပေါင်း ရဲ ၁၆ ဦး ပျောက်ဆုံး နေခဲ့ တာကနေ အခုဆို ၉ ယောက် ကျဆုံးကြောင်း အတည်ပြု ထားနိုင်ပြီး၊ အသက် ရှင်လျက် ပြန်တွေ့သူ ၄ ဦးနဲ့ ပျောက်ဆုံးဆဲ ၃ ဦး ရှိတယ်လို့ အစိုးရ ထုတ်ပြန်ချက်ထဲ ဖော်ပြ ထားပါတယ်။
မုံးကိုး ရဲ စခန်း အစီးအနင်း ခံရတုန်း ရဲ တစ်ဦးရဲ့ ဇနီးသည် နဲ့ အရပ်သား တစ်ယောက်လည်း အသတ် ခံခဲ့ရတယ် ဆိုပြီး တော့လည်း ပြောထားပါတယ်။