ဝန်ကြီးတွေရဲ့ အဖြေအပေါ် ဝေဖန်မှုတွေရှိ

parliament

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

လွှတ်တော်ထဲက မေးခွန်းတွေကို ၀န်ကြီးတွေက လာဖြေရ

NLD အစိုးရအဖွဲ့ရဲ့ ပြည်ထောင်စုဝန်ကြီးအချို့ရဲ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့မေးခွန်းတွေကို ဖြေတဲ့အခါ တကယ်အခြေအနေမှန်နဲ့ ကွဲလွဲနေတယ်ဆိုတဲ့ ဝေဖန်သံတွေ လွှတ်တော်ကိုယ်စားလှယ်တွေကြား ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်မှာ ကြယ်ပွင့်ပြမေးခွန်းတွေမေးဖို့အတွက် တစ်လနီးပါး ကြိုတင်ပေးပို့ရပြီး အဲဒီ မေးခွန်းတွေကို သက်ဆိုင်ရာဝန်ကြီးတွေက လွှတ်တော်မှာ လာရောက်ဖြေကြားရပါတယ်။

ရခိုင်အမျိုးသားပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းက သရက်ချောင်း တာတမံအကြောင်း မေးရာမှာ ဝန်ကြီးက လွန်ခဲ့တဲ့ ၅ နှစ်က ဖြေထားတဲ့ အဖြေကိုပဲ ပြန်ယူပြီး ဖြေသလို လက်ရှိအခြေအနေနဲ့ ကွဲလွဲနေတယ်လို့ ပြောပါတယ်။

အခုလို တချို့ဝန်ကြီးတွေရဲ့အဖြေက အခြေအနေမှန်နဲ့ကွဲလွဲနေတာဟာ ဌာနအနေနဲ့ ပြည်သူလူထုနဲ့ကင်းကွာတာ၊ အောက် ခြေထိ မဆင်းနိုင်တာကြောင့် ဖြစ်ပြီး အထင်အမြင်သေးစရာ ဖြစ်တယ်လို့ ကယားပြည်နယ် လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်စည်သူက ပြောပါတယ်။

ဝန်ကြီးတွေအနေနဲ့ လွှတ်တော်မှာလာဖြေမယ့် အဖြေတွေကို ဝန်ကြီးဋ္ဌာနရဲ့အမြဲတမ်းအတွင်းဝန် ဒါမှမဟုတ် ညွန်ကြားရေးမှူးချုပ်တို့က ပြင်ဆင်ပေးရတာပါ။ ပြည်နယ်/တိုင်းဒေသကြီးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကိုတော့ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌါနက တာဝန်ရှိသူတွေက ပြင်ဆင်ပေးရပါတယ်။