ရခိုင်ဝန်ကြီးချုပ်နဲ့ ကုလ ကိုယ်စားလှယ်တွေ မောင်တောသွား

ဓာတ်ပုံ ရင်းမြစ်, MOI
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ အဖွဲ့ သာယာကုန်းရွာမှာ ဆေးဝါး ပစ္စည်း အထောက်အပံ့ ပေးအပ်စဉ်
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်တဲ့ ပြည်နယ် အစိုးရ အဖွဲ့ဝင် တချို့ နဲ့ အတူ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် ဌာနေ ကိုယ်စားလှယ် ခရစ္စ ကာတာ အပါအဝင် ကုလ သမဂ္ဂ လက်အောက်ခံ အေဂျင်စီ တချို့ရဲ့ ဌာနေ ကိုယ်စားလှယ် တွေဟာ ပြီးခဲ့တဲ့ လတွေ အတွင်း အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ခဲ့တဲ့ မောင်တော ဒေသကို သွားရောက်ခဲ့ပါတယ်။
မောင်တောမြောက်ပိုင်းမှာ ရှိတဲ့ ဒေသခံတွေရဲ့ စား၀တ်နေရေး ၊ ဘဝ ဆက်လက် ရပ်တည် နိုင်ဖို့ လုပ်ငန်း ကိစ္စတွေ ၊ ဒေသ ဖွံ့ဖြိုးရေးနဲ့ လူသားချင်း စာနာတဲ့ အကူအညီပေးဖို့ စီစဉ်နိုင်အောင် သွားကြတာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဌာနရဲ့ အတွင်းရေးမှုး ဦးတင်မောင်ဆွေ က ပြောပါတယ်။
ဒီ ခရီးစဉ် အတွင်း သက်ဆိုင်ရာ အရာရှိတွေကို လာရောက် တွေ့ဆုံရာမှာ သူတို့ရဲ့ ကျန်းမာရေး ၊ ပညာရေးနဲ့ အထောက်အပံ့ ပေးဖို့ ကိစ္စတွေကို ဒေသခံတွေက တိုက်ရိုက် ပြောခွင့်ရသလို အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ သူက ဆိုပါတယ်။
ဖမ်းဆီး ထိန်းသိန်း ထားသူတွေကို ရဲစခန်းမှာ အမှုဖွင့်ပြီး ဒေသ ဆိုင်ရာ တရားရုံးမှာဘဲ တရားစွဲ ပြစ်ဒဏ်ချတာ ဖြစ်ကြောင်းနဲ့ အစိုးရရဲ့ ထုတ်ပြန်တဲ့ စာရင်းထဲမှာ သေဆုံးသူ ၆ယောက် ဆိုတာဟာ စစ်ဆေးစဉ် သေဆုံးတာ မဟုတ်ဘဲ ၊ နဂို ကတည်းက ပါလာတဲ့ ရောဂါ အခံနဲ့ ထိန်းသိမ်းထားစဉ် သေဆုံးတာတွေ ရှိသလို သွေးလွန်တာတို့ ၊ ဆေးဝါး ကုသမှု လက်လှမ်းမမှီလို့ သေဆုံးခဲ့တာတွေလည်း ရှိတယ်လို့ ဦးတင်မောင်ဆွေ က ရှင်းပြပါတယ်။
နယ်မြေ အခြေအနေအရ ရဲစခန်းတွေ တိုက်ခိုက်ခံရစဉ်တုန်းက ပါသွားတဲ့ လက်နက်တွေ ပြန်မရသေးတာက တကြောင်း ၊ ဒေသတွင်း သတင်းတွေ အရ လက်နက်ကိုင် သင်တန်းတွေ ပေးနေတယ် ဆိုတာတွေလည်း ပြောဆို နေကြတာကြောင့် လုံခြုံပြီလို့ အပြည့်အ၀ ပြောလို့ မရသေးတဲ့ အတွက် ကုလသမဂ္ဂ အဖွဲ့တွေနဲ့ သတင်းမီဒီယာ သမားတွေကို သွားလာခွင့် ကန့်သတ်ထားရတာ ဖြစ်တယ်လို့ ဦးတင်မောင်ဆွေ က ပြောပါတယ်။