တပြည်လုံး အတိုင်းအတာနဲ့ ဆရာ၀န် အိမ်ယာ ဆောက်ပေးဖို့ စီစဉ်

ဓာတ်ပုံ ရင်းမြစ်, MOI
ကျန်းမာရေး ၀န်ကြီး ဌာနနှင့် 3MDG ၊ World Bank Group တို့ပူးပေါင်းကျင်းပတံ့ အလုပ်ရုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး တက်ရောက် အမှာစကားပြော
တပြည်လုံး အတိုင်းအတာနဲ့ ဆရာဝန်တွေ နေထိုင်ဖို့ ၀န်ထမ်းအိမ်ယာ ဆောက်ပေးဖို့ ကျန်းမာရေး ဝန်ကြီး ဌာနက စီစဉ်နေပါတယ်။
ဆရာဝန်တွေကို နယ်လွှတ်တဲ့ အခါ မသွားချင်ကြတဲ့ အတွက် လာမယ့်နှစ် ဘတ်ဂျတ်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆရာဝန်တွေ အတွက် ၀န်ထမ်းအိမ်ယာ ဆောက်ပေးဖို့ တင်ထားတယ်လို့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောပါတယ်။
တကယ်တော့ ဒါဟာ လက်တွေ့ကျတဲ့ ဖြေရှင်းမှု မဟုတ်ဘဲ အခုလို အိမ်ယာ ဆောက်ပေးလိုက်လို့ ဒီပြဿနာ လုံး၀ ပြေလည် သွားမှာ မဟုတ်ဘဲ ဆရာ၀န်တွေ နယ်စွန်နယ်ဖျား မသွားချင်တဲ့ အထဲမှာ တခြား အကြောင်း အရာတွေ အများကြီး ပါတယ်လို့ ကျန်းမာရေး ဌာနက သုတေသနမှူး ဒေါက်တာ ဖြူဖြူသင်းဇော် က ပြောပါတယ်။
ကမ္ဘာကျန်းမာရေး အဖွဲ့ရဲ့ သတ်မှတ်ထားချက် အရ လူနာ တထောင်မှာ ဆရာ၀န် ၂.၃ယောက် ရှိဖို့ လိုပေမယ့် မြန်မာ နိုင်ငံမှာ လူတထောင်မှာ ၁.၃ ယောက်တောင် အပြည့်မရှိချင်ဘူးလို့ သူက ဆိုပါတယ်။
ဒါ့အပြင် တချို့ နေရာတွေမှာ လူမှုရေးနဲ့ စစ်ရေး အခြေအနေတွေကြောင့် ဆရာဝန် လုံးဝ မရှိတဲ့ နေရာတွေလည်း ရှိပြီး အဓိက ပြဿနာက မြန်မာနိုင်ငံမှာ ဆရာ၀န်တွေ လိုအပ်သလောက် မမွေးထုတ် ပေးနိုင်သေးသလို ကျန်းမာရေး ဘတ်ဂျတ်ကလည်း အလွန်နည်းတဲ့ အတွက် နယ်စွန်နယ်ဖျား ကျတဲ့ ဆရာ၀န်တွေဟာ ရတဲ့ လခနဲ့ မရပ်တည်နိုင်သလို ဒုတိယ ဝင်ငွေ ဖြစ်တဲ့ ဆေးခန်းထိုင်ကာ ၀င်ငွေ မရှာနိုင်တာကြောင့် အခုလို ပြဿနာတွေကို အလေးထား ဖြေရှင်းပေးလို့ လိုတယ်လို့ ပြောပါတယ်။
ကျန်းမာရေး ဘတ်ဂျတ်ကို မြန်မာနိုင်ငံမှာ တစ် ရာနှုန်းသာ သုံးတာ နှစ်သုံးဆယ် နီးပါးလောက် ရှိပြီး အခုနှစ်ပိုင်းတွေ ကျခါမှ တိုးလာတဲ့ အတွက် ရလာတဲ့ ဘတ်ဂျတ်ကို ဘယ်လို နေရာမှာ အကျိုး ရှိရှိ အသုံးချမလဲ ဆိုတာ အလွန်အရေး ကြီးကြောင်း သူက ထောက်ပြခဲ့ပါတယ်။