ပဲခူးမှာ ရခိုင်ဘက်ပို့မယ့် မူးယစ်ဆေးတွေ ဖမ်းမိ

မူးယစ်

ဓာတ်ပုံ ရင်းမြစ်, Google

ဓာတ်ပုံ ပုံစာ,

ဒီစိတ်ကြွဆေးပြားတွေကို ပန်းတောင်းကနေ တောင်ကုတ်ကို မောင်းနှင်လာတဲ့ ကားတစ်စီးပေါ်က ဖမ်းဆီးရမိ

ပဲခူးတိုင်း အနောက်ပိုင်း ပန်းတောင်းမြို့နယ် အထွက် ရခိုင်ပြည်နယ်စပ်နားမှာ အမေရိကန်ဒေါ်လာ သန်း ဆယ်ဂဏန်းနဲ့ ချီပြီး တန်ဖိုးရှိနိုင်တဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

အခုဖမ်းဆီးရမိတဲ့ ဆေးပြားအရေအတွက်ကို ပမာဏ အတိအကျ တရားဝင် မထုတ်ပြန်သေးပေမယ့် လက်ရှိအစိုးရလက်ထက်မှာတော့ ပဲခူးတိုင်းအတွင်း အများဆုံးဖမ်းမိတာလို့ ယူဆရပါတယ်။

ဒီစိတ်ကြွဆေးပြားတွေကို ပန်းတောင်းကနေ တောင်ကုတ်ကို မောင်းနှင်လာတဲ့ ကားတစ်စီးပေါ်က ဆီပေပါတွေထဲ ထည့်ပြီး သယ်ဆောင်လာတာ ဖြစ်ဖြစ်ပြီး ကားပေါ်က ဆီပေပါ (၁၈) လုံးထဲက (၁၅)လုံးထဲမှာ စိတ်ကြွဆေးပြားတွေ ထည့်ပြီး သယ်ဆောင်လာတာကို ဖမ်းဆီးရမိတာလို့ ပဲခူးတိုင်း နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ဌေးက ပြောပါတယ်။

လောလောဆယ်မှာ ကားဒရိုင်ဘာကလွဲလို့ ကားပေါ်ပါလာသူ (၄) ဦးစလုံးကို ဖမ်းဆီးစစ်ဆေးနေပါတယ်။ ဒီစိတ်ကြွဆေးပြားတွေဟာ ဘယ်လမ်းကြောင်းကနေ သယ်ဆောင်လာပြီး ဘယ်ကို ပို့ဆောင်မလဲ ဆိုတာနဲ့ နောက်ဆက်တွဲ တရားခံ ကွင်းဆက်ကို စစ်ဆေးနေဆဲ ဖြစ်တယ်လို့ ပဲခူးတိုင်း နယ်လုံဝန်ကြီးက ပြောပါတယ်။

အခုလိုမျိုး မူးယစ်ဆေးဝါးတွေ အမြောက်အမြားဖမ်းမိနေတာနဲ့ ပတ်သက်ပြီး တားဆီးဆောင်ရွက်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ မူးယစ်ဗဟိုမှာ ရဲမှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဦးခမ်းအောင်က ဒီလမ်းကြောင်းဟာ ရှမ်းပြည်ဘက်က လာတာဖြစ်ဖို့များပြီး ကာကွယ် တားဆီးမှု အားနည်းတဲ့ ဧရာဝတီမြစ်ကြောင်းအတိုင်း ရန်ကုန်ဘက်မဆင်းပဲ ရခိုင်ဘက်ကတဆင့် နိုင်ငံတကာကို ဖြန့်ဖို့ သွားမယ့် လမ်းကြောင်း ဖြစ်ပြီး ဒီလမ်းကြောင်းကို ပိုပြီး ကာကွယ် အရေးယူမှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ သူက ဘီဘီစီကို ပြောပါတယ်။