ကချင်ရှမ်း တိုက်ပွဲတွေအတွက် စိုးရိမ်ကြောင်း ကန်ထုတ်ပြန်

shan

ဓာတ်ပုံ ရင်းမြစ်, STR

ဓာတ်ပုံ ပုံစာ,

နယ်စပ်မှာ ထွက်ပြေး ခိုလှုံနေရတဲ့ စစ်ရှောင် ထောင်နဲ့ချီ

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် တို့မှာ အကြမ်းဖက်မှုတွေ အရှိန်မြင့် ဖြစ်ပွားလာနေပြီး အရပ်သားတွေအပေါ် မတရားမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေကြောင့် အလွန် စိုးရိမ်မကင်း ဖြစ်မိတယ်လို့ ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးက ထုတ်ပြန် ပြောဆို လိုက်ပါတယ်။

ဆက်လက် ဖြစ်ပွားနေတဲ့ ပဋိပက္ခ တိုက်ပွဲတွေကြောင့် ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိဖို့ လိုအပ်တဲ့ ယုံကြည်မှုတွေ ပျက်ပြားစေနိုင်တယ်လို့ ထောက်ပြ ထားပြီး ရန်လိုမှုတွေကို အမြန်ဆုံး ရပ်တန့်ဖို့ အမေရိကန် သံရုံးက တိုက်တွန်း ထားပါတယ်။

တိုက်ပွဲတွေကြောင့် ဒုက္ခရောက်ကြရသူတွေကို လူသားချင်း စာနာမှု အကူအညီတွေ အဟန့်အတားမရှိ အမြန်ဆုံး ပေးပို့ နိုင်ရေး ကိုလည်း တောင်းဆိုကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အင်အားကြီး နိုင်ငံတွေ အားပြိုင်မှုမှာ ပြည်သူတွေရဲ့ ထောက်ခံမှု ရဖို့ သံရုံးဘက်က ကြိုးပမ်းချက်သာ ဖြစ်တယ်လို့ ယခင် တရုတ်ပြည် သံအမတ် အဖြစ် ထမ်းဆောင်ခဲ့တဲ့ ဦးစိန်ဝင်းအောင်က သုံးသပ်ပါတယ်။

ဒီလို တိုက်တွန်းမှုတွေကို တပ်မတော် အနေနဲ့ သူ့ဘောင်ထဲ ရောက်လာမှသာ တုံ့ပြန် ဆောင်ရွက်နိုင်ပြီး ပြည်ပ တိုက်တွန်းမှုတွေကို လိုက်လျောဖို့ ခက်ခဲလိမ့်မယ်လို့ ဆိုပါတယ်။