အဓမ္မပြုကျင့်မှု စွဲချက်တွေ မဟုတ်ကြောင်း ကော်မရှင် တုံ့ပြန်

ဓာတ်ပုံ ရင်းမြစ်, Myanmar President Office
ရခိုင်စုံစမ်းရေး ကော်မရှင်အဖွဲ့ ကွင်းဆင်းလေ့လာ
ရခိုင် ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ အဖြစ်မှန်တွေ သိရအောင် ကိုယ်တိုင် ကွင်းဆင်း လေ့လာခဲ့ကြတဲ့ ဒုတိယ သမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ စုံစမ်းရေး ကော်မရှင် ခရီးစဉ် ပြီးဆုံးလို့ ပြန်လာခဲ့ကြ ပါပြီ။
အောက်တိုဘာလ ၉ ရက်နေ့က စတင်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှု နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေ အတွင်း တပ်မတော် က အမျိုးသမီးတွေကို မတရားပြုကျင့်မှု၊ သတ်ဖြတ်မှုနဲ့ ရွာတွေကို မီးရှို့တာတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေ ပေါ်ထွက် ခဲ့ပါတယ်။
ဒီဇင်ဘာ ၁၃ ရက်နေ့ မှာလည်း HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ဝါးပိတ် ကျေးရွာမှာ မီးလောင်တဲ့ ပုံရိပ်တွေကို လေ့လာ သုံးသပ်ပြီး တပ်မတော်က မီးရှို့တာ ဖြစ်နိုင်တယ်ဆိုတဲ့ သဘောမျိုး ထုတ်ပြန် ဖော်ပြ ပါတယ်။
မောင်တောဒေသက ပြဿနာ ဖြစ်တဲ့ နေရာတွေရဲ့ ၈၀ ရခိုင်နှုန်းကျော်ကို စုံစမ်းရေး ကော်မရှင်က ကိုယ်တိုင် သွားရောက်ပြီး ဒေသခံတွေ၊ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ မေးမြန်းခဲ့ပါတယ်။
စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် ဦးအောင်ကြည် ကတော့ ကြက်ရိုးပြင်ရွာမှာ ဖြစ်ခဲ့တယ်ဆိုတဲ့ အဓမ္မ ပြုကျင့်မှု စွဲချက်တွေနဲ့ ပတ်သက်လို့ ပြည်ပ သတင်းမီဒီယာမှာ ဓါတ်ပုံနဲ့ တကွ ဖော်ပြထားတဲ့ ကိစ္စကို ရွာမှာ စုံစမ်း မေးမြန်းကြည့်ရာမှာ ဓါတ်ပုံထဲက အမျိုးသမီး ကိုရော သူ့သားကိုပါ တစ်ရွာလုံး ဘယ်သူမှ မသိဘူးလို့ ပြောပါတယ်။
ဒေသခံ ရွာသူရွာသားတွေ ကိုယ်တိုင်က ဒီဖြစ်စဉ် မရှိခဲ့ဘူးလို့ ငြင်းပယ်ကြ ကြောင်း လည်း ဦးအောင်ကြည်က ပြောပါတယ်။
တခါ လောင်းဒုံးမှာ ဖြစ်ခဲ့တယ် ဆိုတဲ့ အဓမ္မ ပြုကျင့်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့တော့ အခု ခရီးစဉ်မှာ မေးမြန်းဖြစ်ခဲ့ခြင်း မရှိဘူးလို့ သူက ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
ရွာထဲက အိမ်တွေ မီးရှို့ခံရတာနဲ့ ပတ်သက်ပြီး မေးရာမှာတော့ မီးလောင်ထားတဲ့ ကျေးရွာ တွေကိုတွေ့ခဲ့ပေမဲ့ ဘယ်သူ့ လက်ချက် ဆိုတာ မပြောနိုင် သေးကြောင်း ဦးအောင်ကြည်က ပြောပါတယ်။
ကိုယ့်နေအိမ်တွေကို ကိုယ်တိုင် မီးရှို့ကြတာလို့ ပြောဆိုသူမှုတွေ ရှိပေမဲ့ အထောက်အထား မပြနိုင်ကြ ကြောင်းနဲ့ တဘက်က လက်နက်ကိုင် တပ်ဖွဲ့တွေဘက်က မီးရှို့တယ်လို့ ဆိုတဲ့ စွပ်စွဲမှုတွေကိုလည်း အထောက်အထား ပြနိုင်ခြင်း မရှိဘူးလို့ သူက ပြောပါတယ်။
Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့က ပြောသလို ဂြိုလ်ထုက ရိုက်ယူထားတဲ့ ဓါတ်ပုံတွေကို လေ့လာပြီး မီးလောင်နေတဲ့ ရိုဟင်ဂျာ ရွာနဲ့ မြန်မာ အစိုးရ တပ်မတော် လှုပ်ရှားမှုတွေနဲ့ ဆက်စပ်မှု ရှိနေတာ တွေ့ရတယ် ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း စုံစမ်းရေး ကော်မရှင်က လေ့လာ စုံစမ်းဖို့ စီစဉ် ထားတယ်လို့ ဆိုပါတယ်။
ဘယ်နေ့ ဘယ်အချိန်က ဘယ်ရွာမှာ ပြဿနာ ဖြစ်ခဲ့တယ်၊ အဲဒီ အချိန် တပ်တွေ ဘယ်မှာ ရှိတယ် ဆိုတဲ့ စာရင်းဇယားတွေကို စုံစမ်းရေး ကော်မရှင်က အခုမှ ပဏာမ တောင်းခံ ထားတုန်း ဖြစ်ပြီး အဲဒါတွေကို ပြီးပြတ်အောင် လေ့လာ မပြီးမချင်း တစုံတရာ မပြောနိုင် သေးကြောင်း လည်း ဦးအောင်ကြည်က ပြောပါတယ်။