သတင်းထောက်စိုးမိုးထွန်း အသတ်ခံရမှုအတွက် EIA တောင်းဆို

မုံရွာ အခြေစိုက် အလဲဗင်း မီဒီယာ သတင်းထောက် ကိုစိုးမိုးထွန်း
သစ်ခိုးထုတ်မှု သတင်းတွေ ရေးသားလေ့ရှိတဲ့ မုံရွာ အခြေစိုက် အလဲဗင်း မီဒီယာ သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အဖြစ်မှန် ပေါ်ပေါက်အောင် သဘာဝ ပတ်ဝန်းကျင်နဲ့ သစ်တော ၀န်ကြီးဌာန အပါအ၀င် အာဏာပိုင် အဖွဲ့အစည်း အသီးသီး ပူးပေါင်းပြီး စုံစမ်းစစ်ဆေး ဖော်ထုတ်ပေးဖို့ သဘာ၀ ပတ်၀န်းကျင် စုံစမ်းရေး ထောက်လှမ်းရေး အေဂျင်စီ (EIA )က တောင်းဆိုလိုက်ပါတယ်။
မြန်မာ နိုင်ငံမှာ သစ်မှောင်ခို ထုတ်မှုတွေ ဘယ်လောက်တောင် ဆိုးရွားနေပြီး အဲဒီ ကိစ္စမှာ ဘယ်လိုလူမျိုး ၊ အဖွဲ့အစည်းတွေက ပါ၀င် နေပါသလဲ EIA က ဒါရိုက်တာ Faith Doherty ကို မေးမြန်းထားပါတယ်။
မေး ။ သစ်ခိုးထုတ်မှုတွေက မြန်မာနိုင်ငံမှာ ဘယ်လောက်တောင် ဆိုးဆိုးရွားရွား ဖြစ်နေလို့လဲ ။
ဖြေ ။ အခြေခံ အားဖြင့်တော့ သစ်ထုတ်တာကို က ပြဿနာပါ ။ တရား၀င်ဘဲ ဖြစ်ဖြစ် ၊ တရားမဝင်ဘဲ ဖြစ်ဖြစ် သစ်တောတွေက အကာအကွယ် မဲ့နေတာပါ ။ မြန်မာနိုင်ငံမှာ သစ်တော ပြုန်းတီးမှု အကြီးကျယ် ဖြစ်နေတာ ။ သစ်ထုတ်လုပ်မှုကလည်း ထုတ်သင့်တာထက် အရမ်းကို ပိုထုတ်နေတဲ့ အဖိုးတန် သစ်တွေ နည်းနည်းဘဲ ကျန်တော့တာပေါ့ ။ နိုင်ငံတကာ စျေးကွက်မှာလည်း မြန်မာ့ကျွန်း နဲ့ တခြား သစ်မာတွေက အရမ်း ၀ယ်လိုအား ကောင်းတာ ၊ ဥပမာ တရုတ် ဆိုရင် ဒီအဖိုးတန် သစ်တွေကို မြန်မာပြည်ထဲကနေ တရား၀င် ထုတ်ခွင့်ရနေရုံသာမက နောက်ဆက်တွဲ ပြဿနာတွေ ဖန်တီးနေတာပေါ့။ ဒီအတိုင်းသာ ဆက်သွယ်မယ် ဆိုရင်တော့ မြန်မာ နိုင်ငံက သစ်တောတွေမှာ အဖိုးတန် ပစ္စည်းတွေ ဆုံးရှုံးတော့မှာ အမှန်ဘဲ ။
မေး ။ ဒါဆိုရင် အဲလို သစ်ခိုးထုတ်မှုတွေမှာ ဘယ်သူတွေ ပါ၀င် ပတ်သက်နေတာလဲ ။
ဖြေ ။ ဘယ်နေရာမှာ ဖြစ်တာလဲ ၊ ဒါက အတိအကျ ပြောဖို့လိုပါတယ် ။ ၂၀၁၄ တုန်းက ကျမတို့ EIA က ထုတ်တဲ့ အစီရင်ခံစာမှာ ဆိုရင် မြန်မာကနေ တရုတ်ကို တရားမ၀င် သစ်ခိုးထုတ်မှုမှာ ပါတဲ့ သူတွေကို အသေးစိတ် ဖော်ပြထားပါတယ်။ အခုဆို မြန်မာ နိုင်ငံ တောင်ပိုင်းမှာ သစ်ထုတ်နေတာဘဲလေ ၊ ဆည်ဆောက် ၊ လမ်းဖောက် ၊ ဖွံ့ဖြိုးရေး စီမံကိန်း ဆိုပြီး ခွင့်ပြုချက်တွေ ၊ သင့်လျော်တဲ့ စီမံ ဆောင်ရွက်မှုတွေ မရှိဘဲ သစ်တောတွေ အပြောင် ရှင်းနေတာဘဲ ။ ဒါကြောင့် သစ် အမျိုးအစားနဲ့ နေရာပေါ် မူတည်ပြီး သစ်ထုတ်လုပ်မှု နောက်ကွယ်မှာ အဂတိ လိုက်စားမှုက ပါဝင် ပတ်သက်နေပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
မေး ။ သစ်ခိုးထုတ်မှုမှာ ဘယ်သူတွေ ပါလဲလို့ ဆိုတဲ့ နေရာမှာ ဘယ်လို လူမျိုး ဘယ်လို အဖွဲ့အစည်းတွေလဲ အတိအကျ ပြောပြပါလား ။
ဖြေ ။ ကျမတို့ သိရသလောက်တော့ သစ်ထုတ်မှု နောက်ကွယ်မှာ အဂတိ လိုက်စားမှုနဲ့ အဲဒီကိစ္စနဲ့ ပတ်သက်တဲ့ လူတွေ အကုန်လုံး ပါ၀င်နေပြီး အကျိုးအမြတ်ကို ခံစား ရရှိနေတာပါဘဲ ။ အကျိုးအမြတ် အများဆုံး ရတဲ့ သူတွေကတော့ တရုတ်ကနေ မြန်မာပြည် သစ်ရောင်း၀ယ်မှုလုပ်တဲ့ ကုန်သည်တွေပါဘဲ။ အစိုးရ အရာရှိကြီးတွေ ၊ ဒေသဆိုင်ရာ သစ်တော အာဏာပိုင်တွေ ၊ ဒေသန္တရ အရာရှိတွေ ၊ ရဲတွေ ၊ တပ်မတော်နဲ့ တိုင်းရင်းသား ဒေသတွေမှာ အခွန်ကောက်ခံတဲ့ အဖွဲ့အစည်း အသီးသီးနဲ့ ဆက်သွယ် သယ်တဲ့ သစ်ကုန်သည်တွေက အကျိုးအမြတ် ကောင်းကောင်း ရယူသွားကြတာပါ။
စိုးမိုးထွန်း အသတ်ခံရတဲ့ မုံရွာမှာ ဆိုရင် သစ်ထဲမှာ တန်ဖိုး အရှိဆုံး ဖြစ်တဲ့ တမလန်း ထွက်ပြီး သစ်မှောင်ခိုမှု အကြီးအကျယ် ဖြစ်နေတဲ့ နေရာပေါ့။ အဲဒီ သစ်တမျိုးတည်း တနေရာတည်း ကိစ္စကို ပြောပြရမယ် ဆိုရင် မြန်မာ နိုင်ငံ မြောက်ပိုင်း စစ်ကိုင်း ကနေ ၊ ကချင် ကတဆင့် တရုတ်ပြည်ထဲကို သစ်မှောင်ခို ထုတ်နေကြပြီး အာဏာပိုင် အဆင့်ဆင့် အဖွဲ့အစည်း အဆင့်ဆင့်က အကျိုးအမြတ် ခံစားနေကြတာဘဲ ဖြစ်ပါတယ်။
မေး ။ EIA ထုတ်ပြန်ချက်မှာ စိုးမိုးထွန်း အသတ်ခံရမှုနဲ့ ပတ်သက်လို့ သစ်မှောင်ခို ခိုးထုတ်မှုနဲ့ ဆက်စပ် ရေးထားတော့ ဘာအထောက်အထားတွေ ရထားလို့လဲ ။
ဖြေ ။ စုံစမ်း စစ်ဆေးမှု အပြည့်အ၀ လုပ်ပြီးသွားတဲ့ အထိ ကျမတို့ စောင့်ရပါမယ် ။ အခုချိန်အထိ ကျမတို့ ဘာမှ မသိသေးပါဘူး ။ ကျမ သိတာက စိုးမိုးထွန်း ဟာ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှု ဖြစ်တဲ့ ဆောင်းပါးတွေ ၊ သစ်မှောင်ခို ခိုးထုတ်မှု သတင်းတွေကို အသေးစိတ် စုံစမ်း လေ့လာပြီး ခရေစေ့တွင်းကျ သတင်းရေးလေ့ရှိတဲ့ သတင်းသမားကောင်း တယောက် ဆိုတာပါဘဲ ။ ဥပမာ လက်ပံတောင်း ကြေးနီ စီမံကိန်း နဲ့ စစ်ကိုင်းက သစ်မှောင်ခို ကိစ္စ သတင်းတွေ ရေးခဲ့ဖူးပါတယ်။ အခု သူ အသတ်ခံရတဲ့ ကိစ္စမှာ ဘာအကြောင်းကြောင့်ဘဲ ဖြစ်ဖြစ် အရေးမကြီးပါဘူး ၊ ကျမတို့ ပြောချင်တာက အမှန်ကို ဖော်ထုတ်ပြီး သူယုံကြည်ရာကို ရေးတဲ့ သတင်းသမားတယောက် အသတ်ခံရတာကို ထောက်ပြနေတာပါ။
မြန်မာ နိုင်ငံမှာ အခုလို သတင်းသမားတွေ အပေါ် ခြိမ်းခြောက် အန္တရာယ် ပေးမှုတွေ အများအပြား ကြုံနေရတယ်လို့ ကျမတို့ သိထားပါတယ်။ အဲဒီလို ခြိမ်းခြောက်ခံနေရတဲ့ သတင်းသမားတွေထဲ စိုးမိုးထွန်း ပါသွားတာတော့ တကယ့်ကို စိတ်မကောင်းစရာပါ။
အခုတော့ အာဏာပိုင်တွေရဲ့ စစ်ဆေးဖော်ထုတ်မှုကို စောင့်ဖို့ဘဲ ရှိပါတယ်။ ကျမ ပြောချင်တာကတော့ ဘာကြောင့်ဘဲ ဖြစ်ဖြစ် စိုးမိုးထွန်းလို့ သတင်းသမာကောင်းတွေ အသတ်ခံရဖို့ မသင့်ပါဘူး။
မေး ။ ဒါမျိုးတွေ ဆက်မဖြစ်အောင် ကာကွယ်စောင့်ရှောက်မှုတွေ ဘယ်လို လုပ်သွားဖို့ ရှိပါသလဲ ။
ဖြေ ။ ဒီခြိမ်းခြောက်မှုတွေက မြန်မာ တနိုင်ငံတည်းမှာတင် ရှိတာမဟုတ်ပါဘူး ။ EIA က နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အခုလို သတင်းသမားတွေ သဘာ၀ ပတ်၀န်းကျင် အရေး တက်ကြွ လှုပ်ရှားသူတွေကို စောင့်ရှောက်ဖို့ အရပ်ဘက် အဖွဲ့ အစည်းတွေနဲ့ အတူတကွ လုပ်ဆောင်သွားမှာပါ ။
ကျမကတော့ ယုံပါတယ် ။ ဒီပြဿနာက ဒေသဆိုင်ရာ အရာရှိတွေနဲ့ အများကြီး ဆိုင်ပါတယ်။ အာဏာပိုင်တွေက ဒေသတွင်းက လူတွေကို မေးမြန်း ဖော်ထုတ်နိုင်မှာပါ ။ လာမယ့် နှစ်တွေမှာလဲ အစိုးရသစ်က အခုလို ဒေသဆိုင်ရာ အဖွဲ့တွေနဲ့ ပူးပေါင်းပြီး သဘာ၀ ပတ်၀န်းကျင် နဲ့ သစ်တော ပြုန်းတီးမှုတွေကို ကာကွယ် စောင့်ရှောက်သွားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

သတင်းထောက် အသတ်ခံရမှု အမှန်ပေါ်ပေါက်ရေး တိုက်တွန်း
မျက်မြင် သက်သေမရှိပေမယ့် သူ့ကို ရိုက်ထားတဲ့ တုတ်ကို အနားမှာတွေ့