မောင်တောနားမှာ လက်နက်တွေမိ

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU
ပျောက်ဆုံးနေဆဲ လက်နက် ၄ဝ နီးပါးခန့်ကို ဆက်လက် ရှာဖွေ
မြန်မာ အနောက်ဘက် နယ်စပ် မောင်တောမြို့နယ် အတွင်း တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က စစ်ဆင်ရေးတွေ ဆက်လက်ပြုလုပ်နေသလို အကြမ်းဖက် စီးနင်းတိုက်ခိုက်သူတွေနဲ့ ပျောက်ဆုံးနေဆဲ လက်နက် ၄ဝ နီးပါးခန့်ကိုလည်း ဆက်လက် ရှာဖွေနေတုန်း ဖြစ်ပါတယ်။
ဒီလို ရှာဖွေနေရာမှာ လွန်ခဲ့တဲ့ တနေ့က မောင်တောမြို့နယ် မြောက်ပိုင်း မယင်းတောင်နဲ့ မျောတောင်အနီး တောင်ကုန်းတွေကို ရှင်းလင်းရာမှာ လက်လုပ်မိုင်း နှစ်လုံးနဲ့ မိုင်းပြုလုပ်ရာမှာ အသုံးပြုတဲ့ ကားပစ်စတင် ၄လုံးတို့ကို တပ်မတော်ကနေ ဖော်ထုတ်သိမ်းဆည်း ရမိခဲ့ပါတယ်။
မောင်တောမြို့နယ် လိပ်အိုင်ကျေးရွာ အနီးဝန်းကျင်ကလည်း ပြောက်ကျားယူနီဖောင်း ပိတ်စအုပ်တွေကို ဖမ်းဆီး ရမိခဲ့ပါတယ်။
အလားတူ ဒီဇင်ဘာ ၁၃ ရက် ည ၉ နာရီကျော်ခန့်မှာ မောင်တောမြို့နယ် တောင်ပိုင်း သဝင်ချောင်း မြောက်ရွာကနေ အလုပ်သမားခေါင်းဆောင် ဟာဘီရော်မာန်ကို လက်နက်ကိုင် ၁၇ ဦးခန့်က ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပါတယ်။
ဒီလို ဖမ်းဆီးခေါ်ဆောင်သွားတာနဲ့ ပတ်သက်ပြီး အနီးအနားရှိ ချိန်ခါလီ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးကြည့်တော့ သေနတ် နှစ်ချက်ပစ်သံကို ကြားရတယ်၊ ညဉ့်အချိန် ဆိုတော့ ဘယ်အဖွဲ့အစည်းက ဖမ်းဆီး ခေါ်ဆောင်သွားတာကို မသိရဘူး၊ တောင်ပေါ်ကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ကြားသိရကြောင်း ပြောဆိုပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်တဲ့ သတင်းမှာတော့ ကိုးတန်ကောက် ကျေးရွာနေ မော်လဝီဇူပိုင်ခေါင်းဆောင်တဲ့ အဖွဲ့ကနေ ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဖော်ပြပါတယ်။
အခုလို စစ်ဆင်ရေး အပါအဝင် လုံခြုံရေး အခြေအနေတွေကြောင့် ကျေးရွာတွေကနေ ထွက်ပြေး တိမ်းရှောင်နေသူတွေ ဆက်လက်ရှိနေဆဲဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ကို တော့ လက်ရှိအချိန်ထိ လူပေါင်း ၂၇,၀၀၀ ထွက်ပြေး ရောက်ရှိနေတယ်လို့ ကမ္ဘာ ကုလသမဂ္ဂ အဖွဲ့ကြီးက ခန့်မှန်း ပြောဆိုထားပါတယ် ။