ရခိုင်အရေး ကိုင်တွယ်ပုံ လူ့အခွင့်အရေး မဟာမင်းကြီး အပြင်းအထန် ဝေဖန်

Rakhine State Investigation Commission officials meeting residents of Gwazon, a Muslim majority village in Maungdaw located in Rakhine State near the Bangladesh border, where a military officer was killed by a group of attackers on November 12.
ဓာတ်ပုံ ပုံစာ,

ရခိုင်ပြည်နယ်အရေး စုံစမ်းရေး ကော်မရှင်က ဒေသခံတွေကို တွေ့ဆုံခဲ့

မြန်မာ အစိုးရရဲ့ ရခိုင်ပြည်နယ် အရေး ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ ကုလ သမဂ္ဂ လူ့ အခွင့်အရေး ဆိုင်ရာ မဟာ မင်းကြီး Zeid Ra'ad Al Hussein က ပြင်းပြင်း ထန်ထန် ဝေဖန် ပြောဆို လိုက် ပါတယ်။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်ဆလင်တွေ အဓမ္မ ပြုကျင့် ခံနေရတယ်၊ သတ်ဖြတ်ခံ နေရတယ် ဆိုတဲ့ သတင်းတွေကို ကုလ သမဂ္ဂအနေနဲ့ နေ့တိုင်းလိုလို ရနေကြောင်းနဲ့ ဒီပြဿနာကို အစိုးရရဲ့ ကိုင်တွယ်ပုံဟာ အမြင်ကျဉ်းတယ်၊ အပြုသဘော မဆောင်ဘဲ အကြင်နာ ကင်းမဲ့တယ်လို့ ပြောဆို ထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက အဆိုးဆုံး ပဋိပက္ခ ဖြစ်ရာ နေရာတွေကို သွားခွင့်ပေးဖို့ ကုလ သမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက မြန်မာအစိုးရကို တောက်လျှောက် မေတ္တာ ရပ်ခံခဲ့ ပေမယ့် ခွင့်ပြုချက် မရခဲ့ဘူးလို့လည်း ကုလ သမဂ္ဂ လူ့ အခွင့်အရေး မဟာမင်းကြီးရုံး ပြောခွင့် ရသူက ပြောပါတယ်။

နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးကတော့ လောလောဆယ် လုံခြုံရေး တပ်ဖွဲ့တွေက ရွာတွေကို ဝင်ရောက်ရှာဖွေတဲ့ စစ်ဆင်ရေးတွေ မရှိတော့တဲ့ အတွက် သတ်ဖြတ်မှု အဓမ္မ ကျင့်မှုတွေ နေ့စဉ် ရှိနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေက စဉ်းစားစရာ ဖြစ်နေကြောင်း ပြောပါတယ်။

ဒါ့အပြင် ဘင်္ဂလား ဒေ့ရှ် နိုင်ငံက နယ်စပ်တွေ ပိတ်ထားပြီး မြန်မာနိုင်ငံဘက်မှာလည်း ထွက်ပြေးခဲ့ကြသူတွေကို သူတို့ မူလ ရပ်ရွာမှာ ဒါမှ မဟုတ် နီးစပ်ရာမှာ စုစည်း ပေးထားပြီး လူသားချင်း စာနာမှု အကူအညီတွေ ကူညီပေးနေတယ်လို့ လည်း သူက ပြောပါတယ်။

အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်တယ် ဆိုတာနဲ့ ပတ်သက်လို့ ပြည်ပ သတင်း မီဒီယာတွေမှာ ဓါတ်ပုံနဲ့ တကွ ဖော်ပြခံရတဲ့ အမျိုးသမီးကို ဒုတိယ သမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ အဖွဲ့က ကွင်းဆင်း မေးမြန်းခဲ့ရာမှာ အဲဒီ အမျိုးသမီးက တိတိကျကျ မပြောနိုင်ခဲ့ဘူးလို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အခြေ အနေတွေနဲ့ ပတ်သက်ပြီး ကိုယ်တိုင် သိရှိနိုင်အောင် လာမယ့် ၁၉ ရက်နေ့ ကနေ ၂၂ ရက်နေ့ အထိ ပြည်တွင်း ပြည်ပ သတင်း မီဒီယာတွေ ကို မောင်တော ဒေသမှာ သွားရောက် သတင်းယူခွင့် ပေးမယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။