လိုင်ဇာ တဝိုက် တိုက်ပွဲတွေ ပြင်းထန်
ကချင် လက်နက်ကိုင် KIA ရဲ့ ဌာနချုပ် ရှိရာ လိုင်ဇာ ကို အစိုးရ စစ်တပ်က သောကြာ နေ့ အစောပိုင်းက စလို့ လက်နက်ကြီး တွေနဲ့ ပစ်ခတ် ခဲ့ပြီး ဆွန်ပရာဘွန်နဲ့ မန်စီ မြို့နယ် တွေထဲက KIA စခန်း တွေကိုပါ အစိုးရက တိုက်ခိုက် လာတယ် ဆိုတဲ့ သတင်းတွေ ရရှိ ပါတယ်။
ဒီဇင်ဘာ ၁၆ရက် မနက် ၂ နာရီလောက် ကတည်းက လိုင်ဇာ ပတ်၀န်းကျင် ဖွန်ပြန်ဘွန်း ၊ ဘွမ်မရယ် ၊ ဘွန်ခရာဘွမ် ၊ ဘွမ်ဆွမ်ဘွန်း နဲ့ ဟမ်းကိုင်ရ် ဖက်ကနေ ကေအိုင်အေ စခန်းတွေ ရှိရာ ဆီကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာ ညနေ လေးနာရီ အထိဘဲလို့ ဒေသခံ တယောက်က ပြောပါတယ်။
လိုင်ဇာ မြို့ထဲမှာ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက ဒုက္ခသည် စခန်းတွေကို လူစု လူဝေး မနေကြဖို့ မှာကြားထားတယ်လို့ သိရပါတယ်။
၂၀၁၂ ၊ ၂၀၁၃ နှစ်တွေ တုန်းကဆိုရင် အခုလို လက်နက်ကြီးတွေက လူနေရပ်ကွက်တွေထဲ ကျခဲ့လို့ ထိခိုက် ဒါဏ်ရာရမှုတွေ ရှိခဲ့ပြီး ဒါတွေကို ယနေ့တိုင် အမှတ်ရနေဆဲလို့ ဒေသခံ တွေက ပြောပါတယ်။
ဂီဒေါင်နဲ့ အင်မခန် တောင်ကြောဖက်တွေမှာ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်ကာ တိုက်ပွဲ ပြင်းထန်တယ်လို့ ဆိုပါတယ်။
၂၁ ပင်လုံ ညီလာခံ မကျင်းပခင် ကတည်းက ဂီဒေါင် ၊ အင်မခန် ၊ လိုင်ဖောင် တောင်ကြောမှာ ၂၀၁၆ သြဂုတ်လကနေ စပြီး တပ်မတော်ဖက် ထိုးစစ်ဒဏ် ခံနေခဲ့ရတာ အခုထိဘဲလို့ ပြောပါတယ်။
အခုလို ကေအိုင်အေ စခန်းတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် လူနေ အရပ်တွေပေါ် ဒီလက်နက်ကြီးတွေ ကျရောက် ပေါက်ကွဲခဲ့ရင် အသက်အန္တရာယ်တွေ အများကြီး ထိခိုက်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။