ပျံကျစျေးသည်နဲ့ စည်ပင် မကျေလည်မှုကို ရေးခဲ့သူ ပုဒ်မ ၆၆ ဃနဲ့ အဖမ်းခံရ

၆၆ ဃ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

Facebook ပေါ်တင်တာတွေဟာ တစုံတယောက်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တယ် ဆိုရင် ရဲက အရေးယူနိုင်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ပဲခူးတိုင်း ဒေသကြီး၊ လက်ပံတန်း မြို့နယ် လူငယ် တာဝန်ခံ ကိုငြိမ်းချမ်း ဟာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့် အဖမ်း ခံ ခဲ့ ရပါတယ်။

လက်ပံတန်း မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဝင် တစ်ယောက် ကနေ NLD လူငယ် တာဝန်ခံ ကိုငြိမ်းချမ်း ကို ပြီးခဲ့တဲ့ စက်တင်ဘာ လ တုန်း ကတည်းက ရဲစခန်းမှာ ပုဒ်မ ၆၆ ဃ နဲ့ အမှု ဖွင့် ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေး နေ့ တုန်းက ရဲစခန်းက ကိုငြိမ်းချမ်းကို ဆင့်ခေါ်ခဲ့ပြီး ဆက်သွယ်ရေး ပုဒ်မ ၆၆ ဃ နဲ့ အမှု မြောက်ကြောင်း တွေ့ရှိတယ် ဆိုကာ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

အင်္ဂလိပ်လို စာလုံးပေါင်း ထားတဲ့ Chit Nyein Chan ဆိုတဲ့ နာမည်နဲ့ ကိုငြိမ်းချမ်း သုံးစွဲတဲ့ ဖေ့စ်ဘွတ် အကောင့် ကနေ တင်ခဲ့တဲ့ ဓာတ်ပုံနဲ့ စာသား တွေ ကြောင့် အမှု ဖွင့် ခံရတာ ဖြစ်ပါတယ်။

ဒါပေမယ့် စည်ပင်သာယာ ကော်မတီ ဝင် တစ်ဦးကို၊ NLD ပါတီ ဝင် တစ်ဦးက ဝေဖန် တာမျိုး မဟုတ်ပဲ ၊ ပုဂ္ဂိုလ်ရေး ပြဿနာ ဖြစ်တယ်လို့ လက်ပံတန်း မဲဆန္ဒနယ်က ရွေးကောက် တင်မြှောက် ခံထားရတဲ့NLD ပါတီ ရဲ့ ပြည်သူ့ လွှတ်တော် အမတ် ဦးကျော်မင်းက ဘီဘီစီ ကို ပြောပါတယ်။

လက်ပံတန်း စျေးထဲက ပျံကျ စျေးသည် တွေနဲ့ စည်ပင်သာယာ ကော်မတီ ဝင် တစ်ဦး အကြား မကျေမလည် ဖြစ်တာ ကနေ၊ ကိုယ်တိုင် စျေးသည် တစ်ဦး ဖြစ်တဲ့ ကိုငြိမ်းချမ်း က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ဝေဖန် ရေးသား ခဲ့တယ် လို့ ဦးကျော်မင်းက ဆိုပါတယ်။

ပါတီ နဲ့ မပတ်သက်ပဲ ပုဂ္ဂိုလ် ရေး ပုံစံ မျိုး ဖြစ် နေတဲ့ အတွက် NLD အနေနဲ့ အမှု ထဲမှာ တစုံတရာ ဝင်ရောက် စွက်ဖက်ဖို့ မဖြစ် နိုင်ပေမယ့်၊ ဒေသခံ ပါတီ ဝင် တွေ အနေနဲ့ ကတော့ အမှု အခြေအနေကို စောင့်ကြည့် နေတယ်လို့ ဆိုပါတယ်။

ကိုငြိမ်းချမ်း ဟာ လက်ရှိ လက်ပံတန်း NLD လူငယ် တာဝန် ခံ လို့ ဆိုပေမယ့်၊ နှုတ်ထွက်စာ တင်ထားသူ ဖြစ်တယ်လို့လည်း ဦးကျော်မင်း က ပြောပါတယ်။

ဒါပေမယ့်၊ အဲဒီလို နှုတ် ထွက်စာ တင်တာဟာ၊ ဒီ အမှု ကိစ္စ ပေါ်ပေါက် လာပြီး မှ ပါတီကို မထိခိုက် စေလိုတဲ့ အတွက် တင်တာလား၊ အရင် ကတည်းကလား ဆိုတာ ကိုတော့ ကွဲကွဲပြားပြား မသိ ရပါဘူး။

၆၆ ဃ ကြောင့် လက် ရှိ ဖမ်းဆီး ခံ ထားရသူ အယောက် ၂ဝ ဝန်းကျင် ရှိပြီး၊ အမှု ရင်ဆိုင် နေရသူ ၁ဝ ကျော် ရှိနေတယ်လို့ ၆၆ ဃ ပြင်ဆင်ရေး လှုပ်ရှား တက်ကြွ သူလည်းဖြစ်၊ ကိုငြိမ်းချမ်း အမှု လိုက်ပါ ကူညီပေးဖို့ ကိုယ်တိုင် လက်ပံတန်းကို လိုက်သွားခဲ့တဲ့ ကိုထင်လင်းအောင်က ပြောပါတယ်။

ကိုငြိမ်းချမ်း အမှုကိုတော့ တရားရုံးက လာမယ့် ဒီဇင်ဘာ ၂၂ မှာ ရုံးထုတ် စစ်ဆေးမယ်လို့ သိရပါတယ်။