ပုပ္ပားတောင်ဝန်းကျင်ကို ယူနက်စကိုအမိမြေအဖြစ် သတ်မှတ်ဖို့ ပြင်ဆင်နေ

ဓာတ်ပုံ ရင်းမြစ်, AP
ပုပ္ပားတောင်မကြီးနဲ့ အနီးတဝိုက် ဒေသကို ယူနက်စကို ကမ္ဘာလုံးဆိုင်ရာ အမိကမ္ဘာစခန်းသာ (UNESCO Global Geopark) အဖြစ် သတ်မှတ်နိုင်ဖို့ ကြိုးစားပြင်ဆင်နေ
ပုပ္ပားတောင်မကြီးနဲ့ အနီးတဝိုက် ဒေသကို ယူနက်စကို ကမ္ဘာလုံးဆိုင်ရာ အမိကမ္ဘာစခန်းသာ (UNESCO Global Geopark) အဖြစ် သတ်မှတ်နိုင်ဖို့ ကြိုးစားပြင်ဆင်နေပါတယ်။
သစ်တော ဦးစီးဌာန၊ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာန ၊ ဟိုတယ် နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနတို့ က ပူးပေါင်း ဖွဲ့စည်းထားတဲ့ ယူနက်စကို ကမ္ဘာလုံးဆိုင်ရာ အမိကမ္ဘာစခန်းသာ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ ဦးသန်းထွန်းက ဒီ စခန်းသာရဲ့ နယ်နမိတ်ကို ပုပ္ပားတောင်ကို ဗဟိုပြုပြီး ကျောက်ပန်းတောင်းနဲ့ ဂွေးချိုလမ်းခွဲအပါအဝင် ရွာပေါင်း ၂၀ဝကျော် ပါဝင်တဲ့ စတုရန်းမိုင် ၃၆၀ ဝန်းကျင် ကျယ်တဲ့ ဧရိယာအတွင်း သတ်မှတ်ဖို့ စီစဉ်ထားတယ်လို့ သိရ ပါတယ်။
အခုလို ယူနက်စကိုထံကို တင်ပြဖို့အတွက် တွေ့ရှိချက်တွေထဲမှာ အရှည်ပေ ၅၀၊ လုံးပတ် ၅ ပေ ရှိတဲ့ သစ်ပင်ကျောက်ဖြစ်ရုပ်ကြွင်းကြီး၊ မြန်မာဘုရင်လက်ထက်က ပစ္စည်းကိရိယာ စတာတွေ အပြင် ထိန်းသိမ်းစရာ အမွေအနှစ်တွေ ဖြစ်တဲ့ ဒေသခံတွေရဲ့ ရှေးရိုးစဉ်လာ လုပ်ငန်းနဲ့ ယဉ်ကျေးမှုထုံးစံတွေလည်းရှိကြောင်း ဦးသန်းထွန်းက ပြောပါတယ်။
အခုလို ပုပ္ပားတောင်ဝန်းကျင်ကို Geopark သတ်မှတ်ပြီးသွားရင် တိုးတက်လာနိုင်မယ့် ခရီးသွားလုပ်ငန်းတွေရဲ့ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုတွေ ကိုလည်းအစိုးရဥပဒေနဲ့ ထိန်းချုပ်ရမှာ ဖြစ်တယ်လို့ သူကပြောပါတယ်။
လာမယ့် ၂၀၁၇ နှစ်ဆန်းပိုင်းဖြစ်တဲ့ ဇန်နဝါရီလလယ်ပိုင်း လောက်မှာတော့ ယူနက်စကိုက တာဝန်ရှိသူတွေ မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့က ပုပ္ပားတောင် ဒေသကို လာရောက် လေ့လာကြဖို့ ရှိပါတယ်။
ဒီလို ကွင်းဆင်းတဲ့နေရာမှာ တင်ပြဖို့အပိုင်းအတွက် ၈၀ရာခိုင်နှုန်း ပြင်ဆင်ထားပြီးသား ဖြစ်ပြီး ယူနက်စကိုဘက်က လက်ခံနိုင်ချေများတယ်လို့ ဦးသန်းထွန်းက ဆိုကာ ၂၀၁၇ နှစ်ကုန်ပိုင်းလောက်မှာ ယူနက်စကိုက အဲဒီ နေရာကို ကမ္ဘာလုံးဆိုင်ရာ အမိကမ္ဘာစခန်းသာ အဖြစ်သတ်မှတ်လိမ့်မယ်လို့ သူက မျှော်လင့်နေပါတယ်။
ယူနက်စကိုဘက်ကတော့ ဒီစခန်းသာတွေရဲ့ သက်တမ်းကို လေးနှစ် သတ်မှတ်ထားပေးတတ်ပြီး သတ်မှတ်ထားတဲ့ စံညွှန်းတွေနဲ့ အနေအထားကို သက်တမ်းကုန်ခါနီး တနှစ်အလိုမှာ ပြန်စစ်ဆေးမှာ ဖြစ်ပါတယ်။
ဒါပေမယ့် စံညွှန်း တွေနဲ့ မညီတော့ရင်တော့ ယူနက်စကိုရဲ့ ကမ္ဘာလုံးဆိုင်ရာ အမိကမ္ဘာစခန်းသာ (UNESCO Global Geopark) တွေစာရင်းကနေ ပြန်လည်ပယ်ဖျက်မှာ ဖြစ်တယ်လို့ သိရပါတယ်။