ရန်ကုန်မှာ တပ်မတော်ကို ထောက်ခံ ဆန္ဒပြ

ygn
ဓာတ်ပုံ ပုံစာ,

သံဃာတော်တွေ၊ မျိုးချစ်လူငယ်တွေနဲ့ အမျိုးသားရေး လှုပ်ရှားသူတွေ တက်ရောက်

ကချင် နဲ့ ရှမ်းပြည်နယ်မှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ တပ်မတော်ကို ထောက်ခံတယ်ဆိုပြီး လူတထောင်လောက် ရန်ကုန်မြို့မှာ လမ်းလျှောက် ဆန္ဒဖော်ထုတ် ခဲ့ကြပါတယ်။

ဗဟန်းမြို့နယ် ရေခဲဆိုင်မှတ်တိုင်ကနေ လမ်းလျှောက် ဆန္ဒပြပြီး မြို့တော်ခန်းမရှေ့ မှာတော့ ဟောပြောပွဲတွေ လုပ်ခဲ့ကြပါတယ်။

အရင်တုန်းကတော့ စစ်ပွဲတွေ မရှိဖို့ ငြိမ်းချမ်းရေးအတွက် မြို့အသီးသီးမှာ ဆန္ဒ ထုတ်ဖော်တာ ရှိပေမယ့် ဒါကတော့ ဒီနှစ်ပိုင်းတွေအတွင်း ပထမဆုံးလို့ ပြောနိုင်ပါတယ်။

ကချင်ပြည်နယ် နဲ့ ရှမ်းမြောက်က အစိုးရတပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ကြားက တိုက်ပွဲတွေဟာ အစိုးရတပ်မတော် အတွက် တရားမျှတတဲ့ စစ်ဖြစ်တာကြောင့် တပ်မတော်ကို ထောက်ခံတယ် ဆိုပြီး ဆန္ဒဖော်ထုတ် ကြတာပါ။

ဒီဆန္ဒပြပွဲကို သံဃာတော်တွေ၊ မျိုးချစ်လူငယ်တွေနဲ့ အမျိုးသားရေး လှုပ်ရှားသူတွေ တက်ရောက်ကြပြီး လွှတ်တော် အမတ်ဟောင်းတွေ ဖြစ်တဲ့ ဒေါ်ခင်ဝိုင်းကြည်၊ ဦးလှဆွေ တို့ကလည်း ဟောပြောတာတွေ ခဲ့ကြပါတယ်။

လောလောဆယ်မှာတော့ ရှမ်းပြည်နယ် နဲ့ ကချင်ပြည်နယ်တွေမှာ အစိုးရစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြား တိုက်ပွဲတွေ ရပ်ဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။

အခုလို တရားသောစစ်ဆိုပြီး ထောက်ခံကြတာ ရှိလာသလို အခုရက်ပိုင်းထိ တိုက်ပွဲတွေ ကတော့ ကချင်နဲ့ ရှမ်း ပြည်နယ်ဘက်တွေမှာ ဆက်ရှိနေတယ်လို့ သိရပါတယ်။

ဒီစစ်ပွဲတွေနဲ့ အစိုးရစစ်တပ်ကို ထောက်ခံတယ်ဆိုပြီး ဆန္ဒဖော်ထုတ် ဟောပြောတဲ့အပေါ် တိုင်းရင်းသားတွေ ဘက်က ကန့်ကွက်တာတွေလည်း ရှိပါတယ်။ ။

အခု အစိုးရလက်ထက်မှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေးရဖို့ ဆက်လက် ကြိုးပမ်းမှုတွေ ရှိပေမယ့် လောလောဆယ်မှာတော့ ငြိမ်းချမ်းရေးလမ်းစက ဝေးနေသေးတာ တွေ့ရပါတယ်။