ရခိုင် အရေး အာဆီယံ အစည်းအဝေး က ကိစ္စ ၂ရပ် သဘောတူ

အစည်းအဝေး ကနေ ပြီး အရေးကြီးဆုံး သဘောတူမှု နှစ်ရပ် ရနိုင် ခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Retno Marsudi က ဆို
ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ် နေတဲ့ အရေးအခင်းတွေနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရ ဘက်က လုပ်ဆောင် နေတာ တွေကို ဒေါ်အောင်ဆန်းစုကြည်က အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေကို ရန်ကုန်မှာ ဒီဇင်ဘာလ ၁၉ ရက်နေ့က တွေ့ဆုံ ရှင်းပြ ခဲ့ပါတယ်။
ဒီ တွေ့ဆုံမှုဟာ အာဆီယံ အဖွဲ့ထဲ မကြုံစဖူး ထူးကဲ လှတယ် ဆိုပြီး လေ့လာသူ တွေက သုံးသပ် နေပါတယ်။
ရိုဟင်ဂျာတွေ အပေါ် မြန်မာ အစိုးရ စစ်တပ်က ပစ်မှတ်ထားပြီး ကြမ်းကြုတ် ရက်စက်မှု တွေ ကျူးလွန် နေတယ် ဆိုတဲ့ အာဆီယံ အဖွဲ့ဝင် အိမ်နီချင်း နိုင်ငံ တချို့ရဲ့ စွပ်စွဲမှု တွေကို မြန်မာ အာဏာပိုင်တွေ ရင်ဆိုင် နေရတုန်း မှာပဲ အခုလို မြန်မာ အစိုးရ အဖွဲ့ထဲ နိုင်ငံခြားရေး ဝန်ကြီး နေရာ ရယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်က အာဆီယံ ဝန်ကြီးတွေကို ရန်ကုန်မှာ တွေ့ဆုံ ခဲ့တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် ထဲ အေးချမ်း လုံခြုံပြီး ဖွံ့ဖြိုး တိုးတက်ဖို့ အစိုးရက ဆောင်ရွက် နေတာတွေနဲ့ ပတ်သက်ပြီး အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေကို ရှင်းပြဖို့ တွေ့ဆုံ ခဲ့တာ ဖြစ်တယ် လို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။
အဖွဲ့ဝင် နိုင်ငံ တွေရဲ့ ပြည်တွင်းရေး မှာ ဝင်ရောက် မစွက်ဖက်ရေးမူ ကို အစဉ်အဆက် လက်ကိုင် ထားခဲ့ကြတဲ့ အာဆီယံ အဖွဲ့ အနေနဲ့ အခုလို မြန်မာ နိုင်ငံ ထဲ ဖြစ်ပေါ် နေတဲ့ ပြဿနာ ကို ဝိုင်းဝန်း ဆွေးနွေး ခဲ့ကြတာဟာ မကြုံစဖူး ထူးကဲ လှတယ် ဆိုတဲ့ သုံးသပ် မှုတွေလည်း ရှိနေပါတယ်။
ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မှု တွေ ရှိ နေတယ် လို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြော ခဲ့ကြတဲ့ အဖွဲ့ဝင် နိုင်ငံ တချို့ အပါအဝင် အာဆီယံ နိုင်ငံ အားလုံးကို ဒေါ်အောင်ဆန်းစုကြည် က ကမကထ လုပ်ပြီး ရှင်းပြ ပြောဆို တာတွေ ပြုလုပ် ခဲ့တဲ့ အတွက် မြန်မာ အစိုးရရဲ့ ဆောင်ရွက်ချက် တွေ အပေါ် ပိုမို ယုံကြည်မှု ရလာ စေနိုင်တဲ့ အကျိုး ကျေးဇူးမျိုး ဖြစ်ထွန်း ခဲ့တယ် လို့ ထိုင်းနိုင်ငံ ၊ ချူလာလောင်ကွန်း တက္ကသိုလ်၊ မဟာဗျုဟာနဲ့ နိုင်ငံတကာ လေ့လာရေး မှာ အကြီးတန်း သုတေသီ ကာဝီ ချောင်ကစ်တာဗွန် က တွေ့ဆုံ ပွဲ အပေါ် သုံးသပ်ပါတယ်။
ဒါ့အပြင် ကိုယ့်ရဲ့ ပြည်တွင်း ပြဿနာ တစ်ခုကို တခြား အဖွဲ့ဝင် နိုင်ငံတွေ အပေါ် ရှင်းပြ ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လုပ်ရပ် ဟာ အာဆီယံ သမိုင်းမှာ ပထမဆုံး ဖြစ်ပြီး၊ ဒီလို အင်မတန် ကောင်းမွန်တဲ့ အပြုအမူကို အာဆီယံ နိုင်ငံတွေ အနေနဲ့ နောင်မှာလည်း လိုက်လံ ကျင့်ကြံ ကြဖို့ သူ့ အနေနဲ့ မျှော်လင့်တယ် လို့ မစ္စတာ ချောင်ကစ်တာဗွန် က ဆိုပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရခိုင်ပြည်နယ် မြောက်ပိုင်းက လူ့ အသိုင်းအဝိုင်း နှစ်ခု စလုံးကို ပေးနေတဲ့ လူသားချင်း စာနာ နားလည်မှု ဆိုင်ရာ အကူအညီတွေ နဲ့ ပတ်သက်တဲ့ အချက်အလက် တွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အစည်းအဝေးမှာ ရှင်းပြ ခဲ့ပါတယ်။
အခု အစည်းအဝေး ကနေ ပြီး အရေးကြီးဆုံး သဘောတူမှု နှစ်ရပ် ရနိုင် ခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Retno Marsudi က ဆိုပါတယ်။
ပထမ အချက် အနေနဲ့ ရခိုင် အရေးနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို မြန်မာဘက်က အာဆီယံ နိုင်ငံတွေကို ဆက်လက် အသိပေး မျှဝေ သွားမှာ ဖြစ်ပြီး၊ ဒုတိယ ကတော့ အာဆီယံ ဘက်က ကမ်းလှမ်းတဲ့ လူသားချင်း စာနာ နားလည်တဲ့ အကူအညီ တွေ ကိုလည်း မြန်မာဘက်က တန်ဖိုး ထားတယ်လို့ ဆိုတဲ့ အတွက် ကူညီ ထောက်ပံ့ရေး ပစ္စည်းတွေ ပေးနိုင်ဖို့ လမ်းပွင့် သွားတယ် လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Marsudi က ပြောပါတယ်။
အခုလို မြန်မာ အစိုးရဘက်က ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး ဒေသတွင်းနဲ့ နိုင်ငံတကာ ဖိအားတွေကို ကိုင်တွယ် နေချိန်မှာပဲ၊ မွတ်ဆလင်တွေ အပေါ် အစိုးရ စစ်တပ်က ပြုမူ နေတာတွေဟာ လူသား မျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ် မြောက်နိုင်တယ် ဆိုတဲ့ နိုင်ငံတကာက စွပ်စွဲ မှု တွေလည်း ဆက်လက် ထွက်ပေါ် နေပါတယ်။
နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာ ရခိုင် အရေး ရှင်းရှင်းလင်း ဖြစ်ဖို့ ဆိုရင် မောင်တော ဒေသကို လွတ်လပ်တဲ့ နိုင်ငံတကာ စစ်ဆေး စုံစမ်းမှု တစ်ရပ် ပြုလုပ်ဖို့ လိုအပ် နေတဲ့ အပြင် နိုင်ငံတကာ သတင်းဌာနတွေ ကို ဝင်ခွင့် ပေးမှ ဖြစ်မယ် ဆိုတဲ့ တောင်းဆို မှု တွေလည်း ရှိ နေပါတယ်။