တဦးချင်းကားသွင်းခွင့် ဒီဇင်ဘာ ၂ဝ က စပြီးပိတ်

မော်တော်ကား တင်သွင်းခွင့် ရဖို့ အနယ်နယ်အရပ်ရပ်က လာရောက် လျှောက်ထား
တဦးချင်း မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်လွှာတွေကို ဒီဇင်ဘာလ ၂ဝ ရက်နေ့ကစပြီး ဆောင်ရွက် မပေးတော့ဘူးလို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ကြေညာ လိုက်ပါတယ် ။
အဲဒီလို ကြေညာထားပေမယ့် ကားတင်သွင်းခွင့် လျှောက်ထားသူတွေ ဟာ ညနေပိုင်း အထိ စီးပွားကူးသန်းရုံး အနီးမှာ စောင့်ဆိုင်း နေကြပါတယ်။
ဝန်ကြီးရုံးတည်ရှိရာ နေပြည်တော် ဇေယျဌာနီ လမ်းမ တဘက် တချက်မှာ ရာဂဏန်းခန့်ရှိတဲ့ မော်တော်ကားတန်းရှည်ကြီး ရပ်ထားတာကို တွေ့ရှိခဲ့ ရပါတယ် ။
ကားရပ်ထားတဲ့ပလက်ဖောင်း တလျှောက်မှာလည်း လူတွေ စုဝေးနေ ကြပါတယ်။
ဒီလိုစောင့်ဆိုင်းနေတဲ့လူတွေဟာ မော်တော်ကားတင်သွင်းခွင့် မူဝါဒ မပြောင်းခင် မော်တော်ကား တင်သွင်းခွင့် ရဖို့ အနယ်နယ်အရပ်ရပ်က လာရောက် လျှောက်ထားကြတဲ့သူတွေလို့ သိရပါတယ် ။
ဝန်ကြီးဌာနက ဒီဇင်ဘာလ ၂ဝ ရက်နေ့ကစလို့ ဆောင်ရွက်ပေးတော့မှာ မဟုတ်ဘူးလို့ ကြေညာထားပေမယ့် နောက်ထပ် သက်တမ်း တိုးလိုတိုးညား လာရောက်စောင့်စားနေကြတာ ဖြစ်တယ်လို့ စောင့်နေသူ တဦး က ပြောပါတယ်။
လမ်းမကြီးပေါ်ထိ ကားတန်း ရှည်လျား
မူပြောင်း
ပြီးခဲ့တဲ့လကစလို့ အစိုးရအနေနဲ့ ကားတင်သွင်းခွင့် မူဝါဒကို ပြောင်းလဲခဲ့ပါတယ် ။
လာမယ့်နှစ် ဆန်းပိုင်းကစလို့ မော်တော်ကား တင်သွင်းချင်တဲ့သူတွေ အနေနဲ့ ၂ဝ၁၅-၁၆-၁၇ မော်ဒယ်ဘယ်မောင်းကားတွေသာ တင်သွင်းရမှာ ဖြစ်ပါတယ်။
လက်ရှိမူဝါဒအရတော့ မော်ဒယ် သတ်မှတ်ချက်မရှိသလို ဘယ်မောင်းညာမောင်း သတ်မှတ်ချက်မရှိဘဲ တင်သွင်းခွင့်ပေး ထားတာပါ ။
လက်ရှိမူဝါဒအရ ကားဝယ်ချင်သူတွေအနေနဲ့ ကျပ်သိန်းတရာ ဝန်းကျင်နဲ့ ကားတင်သွင်းနိုင်သော်လည်း မူဝါဒအသစ်အရ ကားဈေးတွေ တက်သွားတော့မှာ ဖြစ်ပါတယ်။
ဒါကြောင့်ပဲ သတ်မှတ်ရက် မကျော်လွန်ခင်မှာ အခုလို လာရောက် လျှောက်ထားကြတာပါ။