ရခိုင် အရေး အာဆီယံ အစည်းအဝေးကို APHR အဖွဲ့ ဝေဖန်

အာဆီယ
ဓာတ်ပုံ ပုံစာ,

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေက အစိုးရဖက်က ရပ်တည်နေပြီး ဘယ်သူမှ ပြဿနာကို ခေါင်း၀င် မခံဘဲ ရှောင်ထွက် သွားကြတယ်လို့ သူက ပြော

ဒီဇင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မှာ လုပ်ခဲ့တဲ့ ရခိုင်ပြည်နယ် အရေး အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ အစည်းအဝေးရလဒ်ကို စိတ်ပျက်မိကြောင်း အာဆီယံ လူ့အခွင့်အရေး ဆိုင်ရာ ပါလီမန် အမတ်များ အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ဒီအစည်းအဝေးက ခိုင်မာတဲ့ ရလဒ် မယ်မယ်ရရ မရှိဘဲ ပြီးသွားကြောင်း၊ အာဆီယံ ဝန်ကြီးတွေ အနေနဲ့ အရပ်သားတွေကို ကာကွယ်ပေးရမယ့် အစား ဒေါ်အောင်ဆန်းစုကြည် ရဲ့ စကားအလှတွေနဲ့ပဲ အပြီးသတ်သွားတယ်လို့ အာဆီယံ လူ့အခွင့်အရေး ဆိုင်ရာ ပါလီမန် အမတ်များ အဖွဲ့ ဥက္ကဋ္ဌ ချားလ်စ် ဆန်တီယာဂိုက ပြောကြားခဲ့ပါတယ်။

မေး ။ အခုလို ဝေဖန် ပြောဆိုမှု က ပြင်းထန် လွန်းတယ်လို့ မယူဆမိဘူးလား။

ဖြေ ။ ကျွန်တော်တို့က ပြင်းပြင်းထန်ထန် ဝေဖန်တာမဟုတ်ပါဘူး ၊ ကျနော်တို့ ပြောချင်တာကတော့ အာဆီယံ ဟာ ဒေသတွင်းမှာရှိတဲ့ အထူးသဖြင့် ဖိနှိပ်ခံနေရတဲ့ သူတွေအတွက် တာဝန်ရှိတယ်လို့ ပြောနေတာပါ။ ရိုဟင်ဂျာ ဆိုတာက ကုလသမဂ္ဂက အဆိုအရ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး ခြိမ်းခြောက်ခံ နေရတဲ့ လူနည်းစုဘဲမဟုတ်လား။ အကြမ်းဖက်ခံနေရတဲ့ သူတို့ရဲ့ အခြေအနေ ကိုကြည့်မယ်ဆိုရင် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီး အစည်းအဝေး ဆုံးဖြတ်ချက်က ပျော့ပြောင်းလွန်းတယ်၊ ရိုးရိုးသားသား ၀န်ခံပြောရမယ် ဆိုရင် လက်ခံနိုင်စရာ မရှိဘူး ။ အဆိုးရွားဆုံး ဖိနိပ်ခံနေရတဲ့ လူနည်းစုတွေ အတွက် အာဆီယံက လုပ်ပေးနိုင်တာ ဒါဘဲလား လို့ မေးလိုက်ချင်တယ်။ ယုတ်စွ အဆုံး မေးခွန်းထုတ်ချင်တာက အာဆီယံက တာဝန်က၊ လူတွေကို အကာအကွယ် ပေးဖို့လား ၊ ဒါမှမဟုတ်ရင်လူမျိုးကွယ်ပျောက်အောင် လုပ်နေတဲ့ အစိုးရကို ။ ခုကိစ္စမှာ ရှင်းနေတာဘဲ ၊ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေက အစိုးရဖက်က ရပ်တည်နေပြီး ဘယ်သူမှ ပြဿနာကို ခေါင်း၀င် မခံဘဲ ရှောင်ထွက် သွားကြတာလေ။

မေး ။ အာဆီယံ ဘက်က ရိုဟင်ဂျာ ပြဿနာကို ဘယ်လိုနည်းနဲ့ ကိုင်တွယ် ဖြေရှင်းပေးနိုင်မလဲ။

ဖြေ ။ ရိုဟင်ဂျာ ပြသနာက ကာလကြာမြင့်စွာ တည်ရှိနေတဲ့ ပြဿနာဖြစ်ပါတယ်။ ဒါပေမယ့် အခုကိစ္စက လူမျိုးပေျာက်ကွယ်မယ့် အရေးဖြစ်နေတော့ အာဆီယံ အနေနဲ့ လုပ်သင့်တာက ကုလသမဂ္ဂရဲ့ ခွင့်ပြုချက်နဲ့ အာဆီယံ တပ်ဖွဲ့တွေ အခင်းဖြစ်တဲ့ နေရာကို သွားပြီး မြန်မာ စစ်တပ်ကို အလွန် ကြောက်ရွံ့ နေကြတဲ့ ဒေသခံတွေကို အကာအကွယ်ပေးဖို့ တောင်းဆိုသင့်ပါတယ်။ နံပါတ်၂ က စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှု ရှိနေတယ်ဆိုတဲ့ စွပ်စွဲ ပြောဆိုချက်တွေကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုသင့်ပါတယ်။ နံပါတ်၃ က လူသားချင်းစာနာမှု အကူအညီတွေ ပေးမယ့်ကိစ္စမှာ ပွင့်လင်းမြင်သာမှု ရှိဖို့ လိုပါတယ်။

အစည်းအဝေးအပြီးထုတ်ပြန်ချက်ထဲမှာ လိုအပ်တဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဖော်ပြထားတယ်။ လိုအပ်တဲ့ အကူအညီ ဆိုတာဘာလဲ၊ စစ်တပ် ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည် အစိုးရ က လိုအပ်တယ်လို့ ယူဆတဲ့သူတွေကို ပေးမှာဖြစ်တော့ ဒါ လုံး၀ ကို လက်မခံ နိုင်စရာဘဲ။ အဆုံးကျ ဘာဖြစ်မလဲ ကျနော်သိတယ် ၊ ဖိနှိပ်ခံ ၊ အသတ်ခံနေရတဲ့ လူနည်းစုတွေက ရင်ဆိုင်ရမယ့်ပြသနာတွေ ပိုများလာမှာပါ။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

မေး ။ အစည်းအဝေးမှာ အာဆီယံက လူသားချင်း စာနာမှု အကူအညီ ပေးဖို့သာ ဆွေးနွေးခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆွေးနွေးခဲ့တဲ့ အသွင် မတွေ့ခဲ့ရပါဘူး။ အာဆီယံဘက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တန့်သွားအောင်ဘယ်လို ဆောင်ရွက်ပေးနိုင်မလဲ။

ဖြေ ။ ကျွန်တော်တို့က လူမျိုးပျောက်ကွယ်အောင်ပြုလုပ်နေတာကို အရေးမကြီးသလို လုပ်နေတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ သိထားရမှာက အခုကိစ္စက လူမျိုးတုံးအောင်လုပ်နေတဲ့ ကိစ္စ ဖြစ်ပါတယ်။ လူတွေကို သတ်ဖြတ်နေတာဟာ သတိထားနိုင်တွယ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ နေအိမ်ဖျက်စီးခံရတာ၊ ကိုယ့်ရဲ့ ယဉ်ကျေးမှုဖျက်စီးခံ ရတာက လည်း သတိထားနိုင်တွယ်ရမယ့်ကိစ္စတွေပါ။ ရိုဟင်ဂျာကိစ္စက မြန်မာနိုင်ငံ ရဲ့ ပထဝီ နိုင်ငံရေးနဲ့ ဆက်နွယ်နေတယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ ဒါပေမယ့် ဒီအချက်ကို အကြောင်းပြပြီး ဘယ်စစ်တပ်ကိုမှ၊ ဘယ်အစိုးရကိုမှ၊ လူတွေကို သတ်ဖြတ်ခွင့်မပြုသင့် ပါဘူး။ ဒါက လုံးဝ လက်သင့် ခံနိုင်တဲ့ ကိစ္စ မဟုတ်ပါဘူး။ ကျွန်တော်အမြင်မှာ အာဆီယံက ပြဿနာတွေကို ဖုံးကွယ်ပြီး လိမ်ညာနေပါတယ်။ ဒီလိုလိမ်ညာနေတဲ့အတွက် အာဆီယံက ပေးဆပ်ရမှာပါ။ အာဆီယံက ပြဿနာ တခုကနေ နောက်ပြသနာတခု ဖြစ်အောင်လုပ်လိုက်တာဖြစ်လို့ မကြာမီ အချိန်မှာ ဒီပြဿနာတွေကို ကျွန်တော်တို့ ရင်ဆိုင်ရမှာပါ။ အာဆီယံရဲ့ နည်းဗြူဟာက မှားနေပါတယ်။ မြန်မာအစိုးရကို ပြဿနာကို ကိုင်တွယ်ဖို့ အချိန်ပေးပြီး သူတို့ဖာသာတာဝန်ယူဖြေရှင်းနိုင်အောင် ခွင့်ပြုသင့်တယ်လို့ အာဆီယံက မျက်စိ မှိတ်ပြီးပြောလို့ မရပါဘူး။ လူတွေ အသတ်ခံနေရတယ်။ လူတွေ သေနေတယ်။ အခြေအနေက အခု ကိုင်တွယ်ဖြေရှင်းပေးရမယ့် အခြေအနေ ပါ။ အချိန်ပေးဖြေရှင်းရမယ့် ကိစ္စ မဟုတ်ပါဘူး။ အခု ချက်ချင်းအရေးပေါ် လုပ်ပေးရမယ့် အခြေအနေဖြစ်ပါတယ်။