ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးမှာ ဘာတွေလုပ်နိုင်ခဲ့သလဲ။

ပြည်သူ့လွှတ်တော် ဥက္ကဌဦးဝင်းမြင့်
ဓာတ်ပုံ ပုံစာ,

ပြည်သူ့လွှတ်တော် ဥက္ကဌဦးဝင်းမြင့်က လွှတ်တော်လုပ်နိုင်ခဲ့တာတွေကို ရှင်းပြ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဦးဆောင်တဲ့ လွှတ်တော်ရဲ့ တတိယပုံမှန် အစည်းအဝေးတွေ ဒီဇင်ဘာလ ၂၁ ရက်နေ့က ပြီးဆုံးလို့ ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလ အတွင်း လွှတ်တော်ကို နားထားလိုက်ပါပြီ။

အခုနောက်ဆုံး လွှတ်တော် အစည်းအဝေးကို ၁၉ ရက်ကျင်းပခဲ့ပါတယ်။ ဒီကာလ အတွင်း အရေးကြီးအဆိုတစ်ခု အပါအဝင် အဆိုပေါင်း ၁၀ ခုတင်သွင်းနိုင်ခဲ့တယ်၊ ဥပဒေကြမ်း ၁၇ ခုကို ဆွေးနွေးခဲ့ပြီး ၇ ခုကို အတည်ပြုနိုင်ခဲ့တယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ပြောပါတယ်။

အတည်ပြုခဲ့တဲ့ ဥပဒေကြမ်းထဲမှာတော့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေ၊ ဖြည့်စွက် ဘဏ္ဍာငွေဆိုင်ရာ ဥပဒေတို့ပါဝင်ပြီး အများစုကတော့ ဒုတိယအကြိမ်က ဆွေးနွေးထားတာတွေ ဖြစ်ပါတယ်။

တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လေ့လာသူတွေက ဒီတစ်ကြိမ်လွှတ်တော်ဟာ မေးခွန်းတွေသာ များပြီး ဥပဒေပြုရေးမှာ အားနည်းနေသေးတယ်လို့ ဝေဖန်ပြောဆိုကြပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကျောင်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းထွန်းက အခုလွှတ်တော်မှာ အခြားပါတီတွေဖက်က ဝင်ရောက် ဆွေးနွေးနိုင်မှုတွေ အားနည်းခဲ့ကြောင်း၊ မိမိတို့ ဆွေးနွေးလိုတဲ့ အဆိုတွေလည်း အရေးနိမ့်တာများနေလို့ ပါဝင်ဆွေးနွေးလိုစိတ်တွေ အားပျော့ခဲ့ရကြောင်း ပြောပါတယ်။

လတ်တလောဖြစ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ အဆိုတင်ခွင့် မရတာတွေ ရှိသလို ဆွေးနွေးခွင့်ရတဲ့ အဆိုတွေဟာလည်း မှတ်တမ်းအဖြစ်သာ ထားရှိတာ များနေတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တချို့က ထောက်ပြပါတယ်။

လူပြောများနေတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ပတ်သက်လို့ ပြောဆိုဆွေးနွေးမှု မလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်ကတော့ ဒီ ဥပဒေနဲ့ ပတ်သက်ပြီး လွှတ်တော်အတွင်း တင်ပြတာ၊ အဆိုတင်တာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

စတုတ္ထအကြိမ် လွှတ်တော်အစည်းအဝေးတွေကို ဇန်နဝါရီလကုန်ပိုင်းမှာ ပြည်လည်ကျင်းပမှာဖြစ်ပါတယ်။ လတ်တလော ဥပဒေကြမ်းကော်မတီမှာတော့ နိုင်ငံသားများနဲ့ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုဥပဒေ၊ ရေနံနဲ့ရေနံထွက်ဆိုင်ရာ ဥပဒေ၊ နိုင်ငံခြားသားများဆိုင်ရာဥပဒေ၊ တာတမံဥပဒေ အပါအဝင် ဥပဒေကြမ်း ၁၀ ခု ဆွေးနွေးဖို့ ကျန်နေခဲ့ပါတယ်။