ဒေါက်တာ သန်းထွဋ်အောင်ရဲ့ အာမခံ ပယ်ခံရ

ရဲစခန်းမှာ လာအဖမ်းခံတဲ့နေ့က တွေ့ရတဲ့ ဒေါက်တာသန်းထွဋ်အောင်
ဆက်သွယ်ရေး ပုဒ်မ ၆၆ ဃ နဲ့ ဖမ်းဆီးခံထားရပြီး အမှုရင်ဆိုင်နေရတဲ့ အလဲဗင်းမီဒီယာ အမှုဆောင်အရာရှိချုပ် ဒေါက်တာ သန်းထွဋ်အောင်ရဲ့အာမခံ လျှောက်ထားမှုကို တာမွေမြို့နယ် တရားရုံးက ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့က ပယ်ချလိုက် ပါတယ်။
ဒေါက်တာ သန်းထွဋ်အောင်က ကျန်းမာရေး အခြေအနေကြောင့် အာမခံပေးဖို့ ဒုတိယ ရုံးချိန်းတုန်းက လျှောက်ထား ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ထောင်ဆရာ၀န်ကို တရားရုံးမှာ လာရောက် ထွက်ဆိုဖို့တရားရုံးက ဆုံးဖြတ်ခဲ့ပေမဲ့ ထောင်ဆရာဝန် မအားလပ်ကြောင်းနဲ့ အင်းစိန်ဆေးရုံက အထူးကု ပါရဂူ တစ်ယောက်ကိုယ်တိုင် ဒေါက်တာ သန်းထွဋ်အောင်ကို ထောင်ထဲမှာ သွားကြည့်ပြီး ဆေး စစ်ဆေးဖို့ အကြံပြုကြောင်း ထောင်ပိုင်က တရားရုံးကို ပြန်ကြားခဲ့တဲ့ အတွက် တရားသူကြီးက အခုလို အာမခံ ပယ်ချ ခဲ့တာဖြစ်ကြောင်း ဒေါက်တာ သန်းထွဋ်အောင်ရဲ့ ရှေ့နေက ဘီဘီစီကို ပြောပါတယ်။
ဒေါက်တာ သန်းထွဋ်အောင်ဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို စွပ်စွဲရာရောက်တဲ့ အရေးအသားတွေကို အွန်လိုင်းနဲ့ ဖေ့စ်ဘုတ်မှာ ဖော်ပြခဲ့တယ်ဆိုပြီး အလဲဗင်းမီဒီယာ အယ်ဒီတာချုပ် ဦးဝေဖြိုးနဲ့ အတူ အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။