မန္တလာမင်းယာဉ်လိုင်း ကားမှောက်မှု သေဆုံးသူ ၉ဦးရှိ

မှောက်

ဓာတ်ပုံ ရင်းမြစ်, Aung Ko Ko Facebook

ဓာတ်ပုံ ပုံစာ,

ရှေ့က မောင်းလာတဲ့ အိမ်စီးကားကို အရှိန်ပြင်းပြင်းနဲ့ ရှောင်ရာကနေ လမ်းလယ်တုံးကို ဝင်တိုက်မိတဲ့အတွက် ဘီးပေါက်ပြီး လမ်းလယ်ကျွန်းက တံတားနှစ်ခုအကြား တိမ်းမှောက်သွားတာဖြစ်

ကြာသာပတေးနေ့ ညနေပိုင်းက နေပြည်တော်-ရန်ကုန် အမြန်လမ်း မိုင်တိုင် ၉၁ မိုင် လေးဖာလုံမှာ ဖြစ်ပွားခဲ့တဲ့ မန္တလာမင်း အဝေးပြေးယာဉ် တိမ်းမှောက်မှုမှာ ဒဏ်ရာရထားတဲ့ သူတွေထဲက အမျိုးသား ၂ဦးထပ်မံ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၂ရက်နေ့ညက ဖြစ်ခဲ့တဲ့ ဒီတိမ်းမှောက်မှုမှာ ခုနှစ်ဦး ပွဲချင်းပြီး သေဆုံးပြီး ဒဏ်ရာရရှိသူ ၃၇ဦးကို ဆေးရုံတင်ထားခဲ့တာပါ။

သေဆုံးသွားသူ ၉ဦးအနက်က တဦးကလွဲပြီး ကျန်တဲ့သူတွေရဲ့ ကိုယ်ရေး အသေးစိတ်တွေကို ရရှိထားပြီလို့ မန္တလာမင်း ယာဉ်လိုင်းက ပြောပါတယ်။

ဒဏ်ရာရသူတွေအတွက် ယာဉ်လိုင်းက လိုအပ်သလို နစ်နာကြေးတွေ ထောက်ပံ့ ပေးထားတဲ့အပြင် သေဆုံးသူတွေအတွက် ကနဦး နစ်နာကြေး ကျပ်ငွေ ၁၅သိန်းစီ ပေးအပ်ထားပါတယ်။

တခြား အာမခံကိစ္စလို လုပ်ပေးလို့ရတဲ့ ကိစ္စတွေကိုလည်း လုပ်ပေးသွားဖို့ ရှိတယ်လို့ မန္တလာမင်း ယာဉ်လိုင်း မိသားစုဝင် မနွယ်က ပြောဆိုထားပါတယ်။

ဒဏ်ရာရရှိသူတွေထဲက ၄ ဦးရဲ့ အခြေအနေဟာ စိုးရိမ်ရတယ်လို့ အမြန်လမ်းရဲ တပ်ဖွဲ့ ရဲမှူး ဦးစိုးဝင်းက ပြောပါတယ်။

ဒဏ်ရာရသူတွေကို ဖြူးဆေးရုံမှာ ၄ ဦး၊ ပဲခူးဆေးရုံမှာ ၆ ဦး၊ ရန်ကုန် ဆေးရုံကြီးမှာ ၁၄ဦး တင်ထားပြီး ကျန်တဲ့ သူတွေကိုတော့ ပြင်ပလူနာဌာနမှာ ကုသပေးနေတယ်လို့ သူက ပြောပါတယ်။

ဒဏ်ရာရသူတွေထဲမှာ အစိုးရဝန်ထမ်းတွေပါရှိပြီး လောလောဆယ် အတည်ပြုနိုင်သလောက်အရ ဆိုရင် ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးအဖွဲ့ National AIDS program ရန်ကုန်ရဲ့ ခေါင်းဆောင်နှစ်ယောက်ဖြစ်တဲ့ ဆရာဝန်နှစ်ဦးလည်း ပါဝင်ပါတယ်။

သူတို့ကတော့ ခြေထောက်ကျိုးတဲ့ ဒဏ်ရာလောက်သာ ရခဲ့တယ်လို့ သိရပါတယ်။

ရှေ့က မောင်းလာတဲ့ အိမ်စီးကားကို မှောက်ခဲ့တဲ့ ကားက အရှိန်ပြင်းပြင်းနဲ့ ရှောင်ရာကနေ လမ်းလယ်တုံးကို ဝင်တိုက်မိတဲ့အတွက် ဘီးပေါက်ပြီး လမ်းလယ်ကျွန်းက တံတားနှစ်ခုအကြား တိမ်းမှောက်သွားတာ ဖြစ်တယ်လို့ ရဲမှူး ဦးစိုးဝင်းက ဘီဘီစီကို ပြောပါတယ်။

ဒီယာဉ် တိမ်းမှောက်မှုအတွင်း ပွဲချင်းပြီး သေဆုံးသွားသူတွေထဲမှာ ယာဉ်မောင်း၊ ယာဉ်မောင်းအကူ၊ ယာဉ်အကူနဲ့ ယာဉ်နောက်လိုက် အမျိုးသမီး တို့ ပါဝင်ပါတယ်။

ကားပေါ်မှာ ပါလာတဲ့ ခရီးသည် အမျိုးသမီးတဦးနဲ့ ၃နှစ်အရွယ် ကလေးငယ်တဦးကတော့ ဒီတိမ်းမှောက်မှုမှာ ဒဏ်ရာမရခဲ့ဘူးလို့ သိရပါတယ်။