ရခိုင် ကို သွားခွင့်ရပေမယ့် အချိန်ပိုရသင့်လို့ သတင်းသမားတွေပြော

ရခိုင်

ဓာတ်ပုံ ရင်းမြစ်, Shwe Innthar Khin Mg Win

ဓာတ်ပုံ ပုံစာ,

ငါးခူရ ရွာသားများ နဲ့ သတင်းသမားတွေ တွေ့ဆုံစဉ်

မတည်ငြိမ်မှုတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ် မောင်တော ဒေသထဲ နိုင်ငံတကာ မီဒီယာတွေ ကို လွတ်လွတ်လပ်လပ် သတင်းယူ ခွင့် ပေးဖို့ ဖိအားတွေ မြင့်တက် လာချိန်မှာပဲ၊ မြန်မာ အာဏာပိုင်တွေက ပြည်တွင်း ပြည်ပ မီဒီယာတွေထဲက တချို့ကို ရွေးချယ် ဖိတ်ကြား ခဲ့ ပါတယ်။

အဲဒီလို ရွေးချယ် ဖိတ်ကြား ခံရတဲ့ သတင်းသမားတွေဟာ ရခိုင်ပြည်နယ် မြောက်ပိုင်း နယ်မြေ တွေမှာ ၄ ရက် ကြာ သွားရောက် ခဲ့ပြီးတဲ့နောက် ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ရန်ကုန်ကို ပြန်လည် ရောက်ရှိ လာပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ရန်ကုန် မြို့ကနေ စတင် ထွက်ခွာ ခဲ့ပြီး မောင်တော ဒေသ ကို ၂၀ ရက်နေ့ မှာ ရောက်ရှိ ခဲ့ကြတယ်လို့ Asahi သတင်း ဌာန က ကိုဂျင်မီ က ပြောပါတယ်။

ရခိုင်ပြည်နယ် ခရီးစဉ် အတွင်းမှာ အစိုးရ ဘက်က စီစဉ် ပေးတဲ့ လုံခြုံရေး တပ်ဖွဲ့ တွေက သတင်းသမား တွေအတွက် တောက်လျှောက် လုံခြုံရေး လိုက်ပါ ရယူ ပေးခဲ့တယ်လို့ ဆိုပါတယ်။

မောင်တော ဒေသက ရွာတွေထဲကို အရမ်း မဝင်ကြဖို့ နဲ့ သတင်း သမားတွေ ခပ်ဝေးဝေး လံလံ မသွားကြဖို့ ကိုလည်း လုံခြုံရေး တပ်ဖွဲ့တွေက အမြဲ လိုလို သတိပေး နေတယ်လို့ ကိုဂျင်မီ က ပြောပါတယ်။

လုံခြုံရေး အခြေအနေကြောင့် သတင်းသမားတွေ အနေနဲ့ မိမိတို့ သဘောနဲ့ တခြား နေရာတွေ ဆီကို သွားရောက်လို့ မရခဲ့ကြောင်း၊ အချိန်ကာလ သတ်မှတ်ပေးမှု တစ်ခု အတွင်းမှာ စုံစမ်း မေးမြန်း ခဲ့ကြရတာလည်း ဖြစ်ပါတယ်။

သတင်းသမားတွေ သိလို တဲ့ မေးခွန်း တွေကို ရွာသား တွေနဲ့ တွေ့ဆုံ မေးမြန်း ခွင့် ရခဲ့ပြီး ဘယ်သူ ဘယ်ဝါ တွေကိုတော့ မမေးရဘူး ဆိုတဲ့ ကန့်သတ်ချက် မျိုးတော့ မရှိဘူးလို့ ခရီးစဉ် ထဲ လိုက်ပါသွားတဲ့ သတင်းသမား တစ်ဦး က ပြောပါတယ်။

သတင်းသမားတွေ နဲ့ ဒေသခံတွေ ကို တွေ့ဆုံ မေးမြန်းမှု အတွင်းမှာ ဘာသာစကား အခက်အခဲ ရှိတဲ့ အတွက် ဘာသာပြန်ဆိုသူ တွေကို လည်း အစိုးရ ဘက်က စီစဉ် ပေးထား ခဲ့ပါ တယ်။

အကြမ်းဖက်မှု တွေကို အစိုးရ က ညွှန်ကြား ထားတဲ့ အတိုင်း အတိအကျ လိုက်နာပြီး ဖြေရှင်း ပေးနေတယ်လို့ နယ်စပ်ရေးရာ ဌာန က တာဝန်ရှိသူ တွေက သတင်းသမားတွေကို ဖြေကြား ခဲ့ကြပါတယ်။

သတင်းထောက် တွေရဲ့ မေးမြန်းမှု ကို ဖြေကြား ခဲ့တဲ့ ငါးခူရ ရွာသား တစ်ယောက် သတ်ဖြတ် ခံရမှုလည်း ဖြစ်ပွား ခဲ့ပါတယ်။

သတင်း မီဒီယာ ဌာနတွေ ရခိုင်ပြည်နယ်၊ မောင်တော ဒေသ ကို သွားရောက်ခွင့် ရခဲ့ပေမယ့် ဒီထက်ပိုပြီး အချိန်လိုအပ်တယ်လို့လည်း သတင်းသမားတွေ ဘက်က ပြောကြားနေပါတယ်။