တန်ဖိုးသင့် အိမ်ရာ တွေ စတင် ရောင်းချ

ဓာတ်ပုံ ရင်းမြစ်, MOI
၅၀ ရာခိုင်နှုန်း ပေးချေပြီးတာ နဲ့ အခန်းမှာ တက်ရောက် နေထိုင်ခွင့် ရရှိ
ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်က ရတနာ နှင်းဆီ တန်ဖိုးသင့် အဆင့်မြင့်အိမ်ရာ စီမံကိန်းမှာ နေအိမ်အခန်းပေါင်း (၁၃၀၀) ကျော်ကို အရစ်ကျငွေချေတဲ့စနစ်နဲ့ ရောင်းချနေပြီ ဖြစ်ပါတယ်။
ဒီအိမ်ရာ စီမံကိန်းဖွင့်ပွဲ နဲ့ ဈေးရောင်းချပွဲကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဖွင့်လှစ်ခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့ လည်း တက်ရောက်ခဲ့ပါတယ်။
ရန်ကုန်တိုင်း ထဲမှာ တန်ဖိုးသင့် အခန်း တွေကို တိုင်းအစိုးရ က တာဝန်ယူပြီး ရောင်းချတာ က ပထမဆုံး အကြိမ် ဖြစ်ပါတယ်။
အထပ်ပေါင်း ၁၈ ထပ် ရှိတဲ့ ဒီ အိမ်ရာမှာ အခန်း တစ်ခန်း ရဲ့ ဈေးနှုန်း က ငွေကျပ် သိန်း ၆၀၀ ရာ ကနေ သိန်း ၁၂၀၀ အထိ ဈေးနှုန်း ရှိပါတယ်။
စဝယ်တဲ့ အချိန်မှာ ၃၀ ရာခိုင်နှုန်း ကို လက်ငင်း ပေးချေရမှာ ဖြစ်ပြီး ကျန်တာ ကို အရစ်ကျ စနစ် နဲ့ ပေးသွားရမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း မြို့ပြ နဲ့ အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန က ညွှန်ကြားရေးမှူး ဦးယုခိုင် က ပြောပါတယ်။
အရစ်ကျ ပေးချေမှု မှာ ၈ နှစ်၊ ၁၀ နှစ် ဒါမှမဟုတ် ၁၅ နှစ် ပေးချေ နိုင်တဲ့ စံနစ် မျိုးကို ဝယ်ယူသူ ဘက်က ရွေးချယ် ပြီး လစဉ် ငွေသွင်းရမှာ ဖြစ်ပါတယ်။
၅၀ ရာခိုင်နှုန်း ပေးချေပြီးတာ နဲ့ အခန်းမှာ တက်ရောက် နေထိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
အိမ်ရာ ရောင်းချမှု စံနစ် က အကန့်အသတ် မရှိဘူးဆိုပေမယ့် လူတစ်ဦးတည်း ကနေ အခန်း တစ်ခန်း ထက် ပိုဝယ်တာမျိုး မဖြစ်စေဖို့ မြို့ပြ နဲ့ အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန က ကြပ်မတ် ရောင်းချ သွားမှာ ဖြစ်ပါတယ်။
အိမ်ရာ တွေကို စင်္ကာပူ ပုံစံ ဒီဇိုင်းရေးဆွဲ ဆောက်လုပ် ထားတာ ဖြစ်ပြီး အနီးတဝိုက်မှာ စာသင်ကျောင်း၊ ဆေးရုံ နဲ့ ဈေးဝယ် စင်တာတွေကို ဆောက်လုပ် ထားပါတယ်။
ဒါပေမယ့် သိန်း ၆၀၀ အနည်းဆုံး ရှိတဲ့ တန်ဖိုးသင့် အခန်းတွေဟာ လူတိုင်း ဝယ်ယူ နိုင်တဲ့ ဈေးနှုန်းတော့ မဟုတ်သေးပါဘူး။
ငွေ အများအပြား မတတ် နိုင်သူတွေ အတွက် သိန်း ၁၀၀ ဝန်းကျင် တန်ဖိုးနည်း အိမ်ရာ တွေလည်း ဆောက်လုပ် ပေးသွားမှာ ဖြစ်တယ်လို့ ညွှန်ကြားရေးမှူး ဦးယုခိုင် က ပြောပါတယ်။
အခု အိမ်ရာတွေမှာ ငလျင်ဒဏ် ခံနိုင်တဲ့ စံနစ် ကို ထည့်သွင်း ဆောက်လုပ် ထားတာ ကြောင့် ကုန်ကျစားရိတ် ပိုမိုမြင့်မားပြီး အခန်းခ ဈေးနှုန်း တွေလည်း မြင့်မား ခဲ့ရတာ လို့ သူက ဆိုပါတယ်။
ရန်ကုန်တိုင်း ထဲမှာ လာမယ့် ၃ နှစ်တာ ကာလ အတွင်း တန်ဖိုးမြင့်၊ တန်ဖိုးသင့်နဲ့ တန်ဖိုးနည်း အိမ်ရာ အခန်းပေါင်း တစ်သိန်း ကို တိုင်းဒေသကြီး အစိုးရက စီမံချက် ချပြီး ဆောက်လုပ်သွားမယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောထား ပါတယ်။
သိန်း ၁၀၀ နဲ့ အထက် ဈေးနှုန်း ရှိတဲ့ တန်ဖိုးနည်း အိမ်ရာတွေကို အရင်က မဲနှိုက်တဲ့ စံနစ် နဲ့ရောင်းချ ပေးခဲ့ပြီး နေအိမ် အခန်း မရသူတွေလည်း အများအပြား ရှိခဲ့ပါတယ်။
လာမယ့် ဇန်နဝါရီ လအတွင်း တန်ဖိုးနည်း အိမ်ယာ အခန်းပေါင်း ၂၂၀၀ ကျော် ကို တိုင်းဒေသကြီး အစိုးရ ကနေ ရောင်းချ ပေးဖို့ ရှိနေတယ်လို့ သိရပါတယ်။