ရေတွင်းကျွန်း ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ရဲ့ စာရေး အသတ်ခံရ

မောင်တော ရိုဟင်ဂျာ ရခိုင်
ဓာတ်ပုံ ပုံစာ,

ငါးခူရ ရွာသူ ရွာသားတွေ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရေတွင်းကျွန်း ကျေးရွာနားက ပုဇွန်ကန်ဘေးမှ မွတ်ဆလင် အမျိုးသား တစ်ယောက် အသတ်ဖြတ် ခံထားရတာ တွေ့ခဲ့ရပါတယ်။

သေဆုံးသူဟာ အသက် ၂၈ နှစ်အရွယ် ကိုရော်ဖီး ဆိုသူ ဖြစ်ပြီး၊ ယာယီ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့က ခန့်ထားတဲ့ စာရေး ဖြစ်တယ်လို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ပြောပါတယ်။

အခင်းဖြစ်ရာ နေရာဟာ နယ်ခြားစောင့် ရဲစခန်းတွေ အစီးနင်း ခံရပြီး တိုက်ပွဲ ဖြစ်ခဲ့ရာ နေရာ တွေထဲ ပါဝင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း သတင်းထောက်တွေ မောင်တောဒေသ အရောက်မှာ တွေ့ဆုံ မေးမြန်းခဲ့သူ ငါးခူ ရကျေးရွာက ရွာသားတစ်ဦး အသတ်ခံခဲ့ရပါတယ်။

အစိုးရရဲ့ သတင်းပေးတွေ အဖြစ် ဒေသန္တရ အုပ်ချုပ်ရေးထဲ ပါဝင် နေသူတွေ အပစ်မှတ်ထား သတ်ဖြတ် ခံနေရတာ ဖြစ်တယ်လို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ရဲအရာရှိကြီးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဘယ်သူဘယ်ဝါက သတ်ဖြတ် ခဲ့တယ်ဆိုတာ အတိအကျ မသိရသေးပဲ နယ်မြေခံ ရဲစခန်း တွေက စုံစမ်း နေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေ ဖြစ်ခဲ့ရာ အရပ်တွေက ကျေးရွာတွေမှာ အစိုးရ ကင်းစခန်း တွေ ရှိပေမယ့်လည်း၊ ဒေသန္တရ အုပ်ချုပ်ရေးပိုင်းက သူတွေ အနေနဲ့ လုံခြုံရေး ပိုင်း ဆိုင်ရာ အန္တရာယ် ကြီးမြင့် နေတယ်လို့ အဲဒီ ရဲအရာရှိက ပြောပါတယ်။

ဒီလို အခြေအနေမျိုးမှာ ရွာသားတွေ အနေနဲ့ အာဏာပိုင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့၊ ဆက်သွယ်ဖို့ စိုးရွံ့ နေစေတယ် လို့လည်း သူက ပြောပါတယ်။