အလဲဗင်း မီဒီယာ က ရန်ကုန်တိုင်း အစိုးရကို တောင်းပန်ပြီ

Image caption အလဲဗင်း မီဒီယာ အမှုဆောင် အရာရှိချုပ် ဒေါက်တာ သန်းထွဋ်အောင်

The Daily Eleven သတင်းစာမှာ ပါတဲ့ "ရွေးကောက်ပွဲ တနှစ်ကြာသော်" ဆိုတဲ့ အယ်ဒီတာ့ အာဘော် ပါ ကိုးကားချက်တွေဟာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်နဲ့ အစိုးရ အဖွဲ့နဲ့ ပတ်သက်လို့ လွဲမှားတဲ့ အချက်အလက်တွေ ဖြစ်နေတဲ့ အတွက် စိတ်မကောင်း ဖြစ်ရကြောင်း တောင်းပန်စာကို အလဲဗင်း မီဒီယာက ထုတ်ပြန်ခဲ့ပါတယ်။

နိုဝင်ဘာလ(၆)ရက်နေ့ထုတ် အလဲဗင်း သတင်းစာမှာ ဝန်ကြီးချုပ်တဦး ဒေါ်လာ တသိန်းတန် နာရီ ဝတ်ဆင် ဆိုတဲ့ ဆောင်းပါး ဖော်ပြခဲ့ပြီးတဲ့နောက် ရန်ကုန်တိုင်း အစိုးရ အဖွဲ့က အလဲဗင်း မီဒီယာကို တရားစွဲဆိုကာ နို၀င်ဘာ ၁၁ ရက်နေ့မှာ အလဲဗင်း မီဒီယာ ရဲ့ အမှုဆောင် အရာရှိချုပ် ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုး တို့ ဆယ်သွယ်ရေး ပုဒ်မ ၆၆ ဃ နဲ့ အဖမ်းခံခဲ့ရပါတယ်။

ဒေါက်တာ သန်းထွဋ်အောင်နဲ့ ကိုဝေဖြိုး တို့ဟာ သတင်းသမားတွေ ဖြစ်တဲ့ အတွက် သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၃၇ အရ သာ တရားစွဲသင့်ပြီး အခုလို ဆက်သွယ်ရေး ပုဒ်မ ၆၆ ဃ နဲ့ အမှုဖွင့် အရေးယူတာဟာ သင့်လျော်မှန်ကန်မှု မရှိဘူးလို့ အလဲဗင်း မီဒီယာ ဖက်က အမှု လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ ဒေါက်တာ သန်းထွဋ်အောင် ရဲ့ ကျန်းမာရေး အခြေအနေကြောင့် အာမခံ လျှောက်ထားခဲ့ပေမယ့် သုံးကြိမ်တိုင် ပယ်ချခံခဲ့ရပါတယ်။

အခုတော့ အလဲဗင်း မီဒီယာ ကနေ တောင်းပန်စာ ထုတ်ပြန်ခဲ့ပြီး ဒီဇင်ဘာ ၃ဝရက်နေ့ ရုံးချိန်း ကျမှသာ အခြေအနေကို စောင့်ကြည့်ကြရမှာ ဖြစ်တယ် ၊ အခု အနေအထားမှာ တရားလိုဖက်က ကျေအေးလိုရင် ကျေအေးလို့ ရနိုင်ကြောင်း ရှေ့နေ ဦးကြီးမြင့်က ဆိုပါတယ်။

အရင် လက်ပံတန်းမှာ ဖြစ်ခဲ့တဲ့ ကျောင်းသားတွေ အမှုမှာ အစိုးရဖက်က အမှုဖွင့်ခဲ့ပြီး နောက်ပိုင်းမှာ အစိုးရဖက်က ကျေအေးလိုက်တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ