၂၀၁၆ ခုနှစ်မှာ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု လျော့နည်း

သတ္တု တူးဖော်ရေး နဲ့ ရေအားလျှစ်စစ်လို လုပ်ငန်း တွေ လာရောက် လုပ်ကိုင်ခြင်း မရှိ
NLD အစိုးရ အနေနဲ့ ၂၀၁၆-၁၇ ဘဏ္ဍာ နှစ်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကို အမေရိကန် ဒေါ်လာ ၆ဘီလျံ ရရှိဖို့ လျာထား ဆောင်ရွက်နေပါတယ်။
၂၀၁၆ ခုနှစ်မှာတော့ အမေရိကန် ဒေါ်လာ ၃ ဘီလျံကျော်သာ ရရှိထားပြီး ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် နဲ့ နှိုင်းယှဉ် မယ်ဆိုရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လျော့နည်း နေပါတယ်။
ပြီးခဲ့တဲ့ ဘဏ္ဍာ နှစ် တစ်နှစ်လုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု က ၉.၄ ဘီလျံ ရှိခဲ့တယ်လို့ မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် က ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် က ဘီဘီစီကို ပြောပါတယ်။
သတ္တုတူးဖော်ရေး နဲ့ ရေအားလျှပ်စစ်လို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း က NLD အစိုးရ လက်ထက်မှာ မရှိခဲ့ဘူးလို့လည်း သူက ပြောပါတယ်။
ဒါကလည်း ဦးစားပေး ရင်းနှီးမြှုပ်နှံစေလိုတဲ့ ကဏ္ဍတွေမှာ အစိုးရ နှစ်ရပ် ရဲ့အစီအမံတွေ မတူညီလို့ ဖြစ်တယ်လို့ ဆိုပါတယ်။
NLD အစိုးရ အနေနဲ့ ပို့ဆောင်ရေး နဲ့ ဆက်သွယ်ရေး ကဏ္ဍမှာ ဦးစားပေး အဖြစ် ဆောင်ရွက် နေပြီး စက်မှု ကုန်ထုတ် လုပ်ငန်း ကို ပိုမို မြှုပ်နှံစေလိုတဲ့ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ ကို ပြောင်းလဲ ခဲ့တာလို့လည်း ကော်မရှင် ဒုတိယ ညွှန်ကြားရေးမှူးချုပ် က ပြောပါတယ်။
လောလောဆယ်မှာ နိုင်ငံခြားရင်နှီးမြှုပ်နှံမှု ကော်မရှင် ကို အဆိုပြု ထားတဲ့ နိုင်ငံခြား လုပ်ငန်း တွေက ၃ ဘီလျံ လောက် ရှိတဲ့ အတွက် အခု ဘဏ္ဍာ နှစ်မှာ အစိုးရ အဖွဲ့ရဲ့ လျာထား ချက် ပြည့်မီဖို့ ရှိနေပါတယ်။
အဲဒီ အထဲမှာ ဆက်သွယ်ရေး ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ အဆိုပြုချက် အများအပြား လက်ခံ ရရှိထားပြီး ဗီယက်နမ် နိုင်ငံက တင်သွင်းထားတာ ဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကြောင့် နိုင်ငံခြား လုပ်ငန်းတွေ ဒီထက်ပိုပြီး ဝင်လာ နိုင်တယ်လို့လည်း ဦးသန်းအောင်ကျော်က ပြောကြား ခဲ့ပါတယ်။