၀ ပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ နဲ့ ငြိမ်းချမ်းရေး ကော်မရှင် တွေ့

Image caption ဝ ပြည်နယ်ထဲ အ၀င်မှာ မြင်တွေ့ရတဲ့ မြင်ကွင်း

၀ ပြည် သွေးစည်း ညီညွတ်ရေး ပါတီ UWSP နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင် ဒုတိယ ဥက္ကဌ ဉီးသိန်းဇော် ခေါင်းဆောင်တဲ့ အဖွဲ့တို့ ပန်ဆန်းမှာ တွေ့နေကြပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်းမှာ ညီညွတ်သော တိုင်းရင်းသား ဖက်ဒရယ် ကောင်စီ UNFC နဲ့ ဝ ပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့တို့ တွေ့ဆုံမှု နောက်ဆက်တွဲလို့ ယူဆနိုင်ပြီး UNFC အနေနဲ့ မြောက်ပိုင်း မဟာမိတ် အဖွဲ့ထဲ ပါတဲ့ အဖွဲ့တွေကို လွှတ်တော် အသီးသီးမှာ အကြမ်းဖက် အဖွဲ့လို့ ပြောဆို သတ်မှတ်နေတာကို ဆန့်ကျင် ကာ နှစ်ဖက် အပစ်ရပ်ရေး တောင်းဆို ထားတယ်လို့ နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

လတ်တလော မြန်မာနိုင်ငံ မြောက်ပိုင်းမှာ စစ်ရေး ကျယ်ပြန့်လာမှာကို စိုးရိမ်နေကြပြီး အခု ငြိမ်းချမ်းရေး ကော်မရှင်က ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးပွဲ ကနေ အစိုးရနဲ့ တပ်မတော်ရဲ့ တုန့်ပြန်မှု ဘယ်လိုရှိသလဲ ဆိုတာကို ဝ ပြည်သွေးစည်း ညီညွတ်ရေး အဖွဲ့က စောင့်မျှော်နေလိမ့်မယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် အခု ဝ အဖွဲ့နဲ့ ငြိမ်းချမ်းရေး ကော်မရှင် က ကိုယ်စားလှယ်တွေရဲ့ တွေ့ဆုံမှုဟာ နိုင်ငံရေး ဆွေးနွေးပွဲတွေ စဖို့ ခြေလှမ်းပြင်နေတဲ့ မြောက်ပိုင်း မဟာမိတ် အဖွဲ့နဲ့ ငြိမ်းချမ်းရေး ကော်မရှင်ကြား ညှိပေးဖို့ အတွက် ကြား၀င် ဆောင်ရွက်ပေးတာ ဖြစ်နိုင်တယ်လို့ ဦးသန်းစိုးနိုင် က သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့ ကူမင်းမှာ လုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာတော့ တရုတ် ကိုယ်စားလှယ် ဖြစ်တဲ့ နိုင်ငံခြားရေး ၀န်ကြီး ၀မ်ရီ က ဦးဆောင် ကမကထ လုပ်ပေးခဲ့ပြီး အင်အားရှိတဲ့ ဖက်က စစ်ရေး အင်အားသုံး အရမ်း ဖိအားပေးတာတွေ မလုပ်ဖို့နဲ့ တဖက်က အဖွဲ့တွေကလည်း သိတ်စိတ်ကူး မယဉ်ကြဖို့ ၊ တောင်းဆိုမှုတွေ သိတ်မလုပ်ဖို့ ပန်ကြားထားတယ်လို့ သူက ဆိုပါတယ်။

အခုရက်ပိုင်းအတွင်း မြောက်ပိုင်း မဟာမိတ် အဖွဲ့ရဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့က ထုတ်ပြန်ထားတဲ့ စာမှာလည်း တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် နိုင်ငံရေးနဲ့ အဖြေရှာလိုပြီး သူတို့ရဲ့ မဟာမိတ် အဖွဲ့ထဲပါတဲ့ KIA ကချင် လွတ်လပ်ရေး တပ်မတော် ၊ MNDAA မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု ၊ PSLF တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် နဲ့ AA ရခိုင့် တပ်မတော် အပြင် UWSP ၀ပြည် သွေးစည်း ညီညွတ်ရေး ပါတီ အဖွဲ့ရဲ့ ပါဝင်မှုနဲ့ အတူတကွ တပြိုင်တည်း တွေ့ဖို့ ထုတ်ပြန် ကြေညာထားတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လတုန်းကလည်း မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ကော်မရှင် တို့ တွေ့ဖို့ ပထမ အကြိမ် ကြိုးပမ်မှု မအောင်မြင်ခဲ့ဘဲ အခုတခါ ဝ ပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ ပါမှ အတူတကွ ဆွေးနွေးမယ် ဆိုတဲ့ အချက် ထည့်သွင်း လာခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ