ကရင်နှစ်ကူးနေ့ နမူနာယူဖို့ ဒေါ်စုပြော
ကရင်နှစ်သစ်ကူးနေ့ ဖြစ်လာတဲ့ နမူနာကိုယူပြီး တိုင်းရင်းသားတွေ အားလုံး ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ မိန့်ခွန်းမှာ ပြောဆို လိုက်ပါတယ်။

ကရင်နှစ်သစ်ကူးပွဲ တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်
ဒီကနေ့ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို နေပြည်တော်က မြန်မာကွန်ဗင်းရှင်းစင်တာ အမှတ် ၂ မှာ ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။ ဒီပွဲကို ကရင်တိုင်းရင်းသား တစ်ဦးဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းက ဦးစီးကျင်းပခဲ့တာ ဖြစ်ပါတယ်။
အရင်က ကရင်နှစ်သစ်ကူးနေ့ဟာ ရက်အတည်တကျ မရှိခဲ့ပေမဲ့ ကရင်တိုင်းရင်းသားခေါင်းဆောင်တွေက ညီညီညွတ်ညွတ်နဲ့ တောင်းဆိုခဲ့တဲ့ အတွက် ပြာသိုလဆန်း တစ်ရက်နေ့ကို ကရင်နှစ်သစ်ကူးနေ့အဖြစ် အစိုးရက သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် တိုင်းရင်းသားတွေအနေနဲ့ အဲဒီ နမူနာကိုယူပြီး ပြည်ထောင်စုကြီး အတွက် ငြိမ်းချမ်းရေးအတွက် ညီညီညွတ်ညွတ် ဆောင်ရွက်မယ်ဆိုရင် ပျော်ရွှင်ခြင်းအသီး အပွင့်တွေကို ခံစားရမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
ပြည်ထောင်စုလွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းကလည်း တိုင်းရင်းသားတွေအားလုံး ညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်း တိုင်ပင်ပြီး ငြိမ်းချမ်းရေးရရှိဖို့နဲ့ဖက်ဒရယ်နိုင်ငံထူထောင်ကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။
ဒီကနေ့ အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီး အချို့နဲ့ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
အခုလို ကရင်နှစ်သစ်ကူးနေ့ကို နေပြည်တော်အပါအဝင် မြန်မာနိုင်ငံ ဒေသအချို့မှာ သိုက်သိုက်ဝန်းဝန်းကျင်းပ နေပေမယ့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေမှာတော့ တိုက်ပွဲ တွေဖြစ်နေပါတယ်။
ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ကရင်နှစ်သစ်ကူးမှာ အောင်အောင်မြင်မြင်နဲ့ နားလည်မှု တည်ဆောက်နိုင်သလို တိုက်ပွဲတွေဖြစ်၊ တင်းမာမှုတွေဖြစ်နေတဲ့ ကချင်တွေနဲ့လည်း နားလည်မှုရစေချင်၊ စကားပြောကြစေချင်တယ်လို့ သူ့ ဆန္ဒကို ပြောပါတယ်။
အောက်တိုဘာလဆန်းက စလို့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး မကြာသေးခင် ရက်ပိုင်းကစလို့ KIA စခန်းအချို့ကိုလည်း တပ်မတော်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။