မောင်တော ဒေသထဲ ရွာသားတွေကို ရဲတွေ ရိုက်နှက် ကန်ကျောက်ကြောင်း အတည်ပြု

ရိုက်နှက် ကန်ကျောက် တာမျိုးတွေ ပြုလုပ် နေတဲ့ ဗီဒီယို တစ်ခု ဖေ့စ်ဘွတ်ခ်ပေါ် ရောက်လာ
မောင်တော ဒေသထဲမှာ အစိုးရ လုံခြုံရေး အဖွဲ့တွေဟာ ရွာသားတွေကို ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုတွေ ကျုးလွန် ခဲ့တယ် ဆိုတဲ့ အချက်ကို အစိုးရက ပထမဆုံး အကြိမ် ဝန်ခံ လာပါတယ်။
မြေကြီးပေါ် ထိုင်ခိုင်းထားတဲ့ အရပ်သားတွေကို အစိုးရ ရဲတပ်ဖွဲ့ဝင် တွေက ရိုက်နှက် ကန်ကျောက် တာမျိုးတွေ ပြုလုပ် နေတဲ့ ဗွီဒီယို တစ်ခု ဖေ့စ်ဘွတ်ခ်ပေါ် ရောက်လာ ခဲ့တဲ့နောက် နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန် လာတာ ဖြစ်ပါတယ်။
ကိုးတန်ကောက် ဆိုတဲ့ ရွာမှာ နိုဝင်ဘာ ၅ ရက်တုန်းက ဝင်ရောက် ရှင်းလင်းတုန်း ဖြစ်ပျက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
နိုရူလာ ရဲကင်းတစ်ခုကို မော်တော်ဆိုင်ကယ်စီး လက်နက်ကိုင်တွေ လာရောက် ပစ်ခတ်တာ ခံခဲ့ရပြီး၊ ရဲတပ်ဖွဲ့ဝင် အချို့ ဒဏ်ရာရသွား ခဲ့တဲ့ အတွက် နယ်မြေ ရှင်းလင်းရာ ကနေ အခုလို အဖြစ်အပျက် ပေါ်ပေါက် လာတာလို့ ဆိုပါတယ်။
အဲဒီ့ ကိုးတန်ကောက် ရွာဆိုတာ နိုင်ငံခြား သံတမန်တွေ လာရောက်တုန်း ရွာခံ တချို့က စာရွက်စာတမ်းတွေ ကိုင်ဆောင်ပြီး ဆန္ဒပြ ခဲ့ကြတဲ့ ကျေးရွာ ဖြစ်ပါတယ်။
ရဲကင်း တိုက်ခိုက် ခံခဲ့ ရတာက တကြောင်း၊ သံတမန်တွေ ရှေ့ ရွာသားတွေ ကိုင်ဆောင်ဖို့ မဟုတ်မမှန် ရေးသားထားတဲ့ စာရွက်တွေကို ဖြန့်ဝေသူကို ဖော်ထုတ်ဖို့က တကြောင်း ရဲတပ်ဖွဲ့ဝင်တွေ ကိုးတန်ကောက်ကို သွားခဲ့တာလို့ ဆိုပါတယ်။
အင်တာနက်ပေါ် ရောက်လာတဲ့ ဗွီဒီယို ထဲမှာ ရွာသားတွေ အပေါ် လူမျိုးရေး အရ နှုတ်ဖြင့် ဆဲရေး တိုင်းထွာ နေတာတွေ၊ မြေကြီးပေါ် ရွာသားတွေကို အတန်းလိုက် ခြေဆင်း ထိုင်ခိုင်း ထားပြီး ပထမဆုံး အတန်းက ဘယ်ဘက် အစွန်ဆုံး တစ်ယောက်ကို ရဲ တစ်ဦးက ဒုတ်လို့ ပစ္စည်းမျိုးနဲ့ ရိုက်နှက် နေချိန်မှာ နောက်တစ်ဦးကလည်း ခြေထောက်နဲ့ ကန်ကျောက် နေတာကို တွေ့ရပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံရုံးရဲ့ ထုတ်ပြန် ချက်ထဲ မှာတော့ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့ တပ်ဖွဲ့ဝင် တချို့ကို ဖော်ထုတ် ထိန်းသိမ်း ထားပြီး၊ ဆက်လက် ဖော်ထုတ် နေတယ်လို့ ဆိုပါတယ်။
အဲဒီသူတွေကို ရဲစည်းကမ်း ဥပဒေနဲ့ အညီ ထိရောက်စွာ အရေးယူမယ်လို့ ဖော်ပြ ထားပါတယ်။