ရခိုင်က ဗုံး ပေါက်ကွဲမှု လူတွေကို ခေါ်ယူစစ်ဆေး

Muslim people stand near the boat near the Border Check Point of Maungdaw town, Bangladesh-Myanmar border, Rakhine State, western Myanmar, 22 December 2016

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

အောက်တိုဘာလက အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်အပြီး မောင်တောက အခြေ အနေ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အတွင်းက ရန်ကုန် စစ်တွေကားလမ်းမှာ ဗုံးပေါက်ကွဲ ခဲ့မှု၊ မင်းပြားမြို့နယ် အတွင်း ကားလမ်း အနီး လက်လုပ်မိုင်း တစ်လုံး သိမ်းဆည်း ရမိခဲ့မှုတို့ နဲ့ ပတ်သက်ပြီး ဒေသခံ အများ အပြားကို ခေါ်ယူ စစ်ဆေး နေပါတယ်။

ပုဏ္ဏားကျွန်း မြို့နယ် မှာ ဖြစ်ခဲ့တဲ့ ဗုံး ပေါက်ကွဲမှုက စစ်တွေ ရန်ကုန် ကားလမ်း ယိုးတရုတ် ကျေးရွာနဲ့ သဲတက် ကျေးရွာ ကြား မိုင်တိုင် အမှတ် ၁၆၀ အနီးမှာ ဇန်နဝါရီ ၁ ရက်နေ့ ညနေက ဖြစ်ခဲ့တာပါ။

အဲဒီ ပေါက်ကွဲမှု ဖြစ်အပြီး ယိုးတရုတ် ကျေးရွာက စက်ပြင် စက်ပစ္စည်း ရောင်းသူ အသက် ၄၀ အရွယ် ဦးယဉ်မောင် ဆိုသူ အပါအဝင် အနည်းဆုံး ရွာသား ခုနှစ်ဦးလောက်ကို စစ်တပ်နဲ့ ရဲက ဖမ်းဆီး ခေါ်ဆောင် သွားတယ်လို့ ရွာသား တွေက ပြောပါတယ်။

ယိုးတရုတ် ရဲစခန်းက စခန်းမှူးက တော့ ဖမ်းဆီးတာ မဟုတ်ကြောင်းနဲ့ စစ်မေးစရာ ရှိလို့ ခေါ်ယူ မေးမြန်း နေတာဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီ ပေါက်ကွဲမှုမှာ လူတစ်ဦး တစ်ယောက်မှ ထိခိုက်မှု မရှိပါဘူး။

အလားတူဘဲ ဇန်နဝါရီ ၁ရက် မွန်းလွဲပိုင်းက မင်းပြားမြို့ ရန်ကုန် စစ်တွေ ကားလမ်း အနီး မေလွမ်း ရွာ မြောက်ဘက် ၃မိုင်ခန့် မှာလည်း လက်လုပ် မိုင်း တစ်လုံး ရှာဖွေ တွေ့ရှိခဲ့ ပါတယ်။

အဲဒီ နောက် ကျောက်တော်မြို့က ဦးစိန်အေးမောင်နဲ့ မင်းပြား မြို့နယ် မြစ်နား ရွာက ဦးရွှေစိန်ဝင်း တို့ကိုလည်း စစ်ဖက် ရေးရာ လုံခြုံရေး စရဖ က စစ်ဆေး စရာရှိတယ် ဆိုပြီး ခေါ်ဆောင် သွားခဲ့ပါတယ်။

ဦးစိန်အေးမောင်က AA ရခိုင် လက်နက်ကိုင် အဖွဲ့နဲ့ ဆက်သွယ်တယ် ဆိုပြီး ထောင်ချ ခံရသူဖြစ်ပြီး လွန်ခဲ့တဲ့ ဧပြီလကမှ သမ္မတ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွတ်မြောက် လာခဲ့သူဖြစ်ပြီး ဦးရွှေစိန်ဝင်းက ကျောင်းဆရာ တစ်ယောက် ဖြစ်ပါတယ်။

မနက် ၉ နာရီက စလို့ စရဖရုံးထဲရောက်နေပြီး ညနေ အထိ အိမ်မပြန်ရ သေးဘဲ မေးမြန်းခံ နေရတဲ့ ကျောင်းဆရာ ဦးရွှေစိန်ဝင်းက သူ့ကို ဘာကြောင့် ခေါ်ယူ စစ်မေးမှန်း မသိကြောင်း ပြောပါတယ်။

မေးမြန်း ရာမှာလည်း ဗုံးပေါက်ကွဲမှု တွေနဲ့ ပတ်သက်လို့ တစုံတရာ မေးတာမျိုး မရှိဘဲ အလုပ်အကိုင်၊ AA အဖွဲ့နဲ့ ဆက်သွယ်မှု ရှိမရှိ တို့ကိုသာ မေးခဲ့တယ်လို့ ဦးရွှေစိန်ဝင်းက ပြောပါတယ်။

ရခိုင်ပြည်နယ် အတွင်းမှာ အခုလို ဗုံးကွဲမှုတွေ အရင်က ဖြစ်ပွားခဲ့တာ မရှိလို့ လူထုကြားမှာ စိုးရိမ်မှုတွေ အထူး တိုးပွားနေကြ ပါတယ်။