အစိုးရ ပြောဆို ချက်တွေကို စုံကော် ထပ်လောင်း အတည်ပြု

စွပ်စွဲ မှုတွေ အတွက် လုံလောက်တဲ့ အထောက်အထား မတွေ့ရ သေးဘူးလို့ စုံကော်ပြော။
အစိုးရက ဖွဲ့ပေး ထားတဲ့ မောင်တော ဒေသ စုံစမ်း စစ်ဆေးရေး ကော်မရှင်ရဲ့ ကြားဖြတ် အစီရင် ခံစာ တစ်စောင် ထုတ်ပြန် လာပါတယ်။
ပြီးခဲ့တဲ့ နှစ် အောက်တိုဘာ လ တုန်းက နယ်ခြားစောင့် ရဲစခန်း တွေ တိုက်ခိုက် ခံခဲ့ရတာဟာ နိုင်ငံရပ်ခြားနဲ့ အဆက်အစပ် ရှိတဲ့ အကြမ်းဖက် လက်နက်ကိုင် တွေရဲ့ လက်ချက် ဖြစ်တယ် လို့ အစိုးရက ပြောဆို ထားနှင့် ပြီးတဲ့ အချက် တွေကို အဲဒီ အစီရင် ခံစာထဲ ထပ်လောင်း အတည်ပြု ထားပါတယ်။
ပါကစ္စတန် အခြေစိုက် တာလီဘန် တွေ ဆီမှာ သင်တန်း တက်ခဲ့သူ တစ်ဦး ဦးဆောင်တဲ့ အက်ကာ မူလ် မူဂျာဟီဒင် အဖွဲ့က တိုက်ခိုက် ခဲ့တာ ဖြစ်တယ်လို့ ကော်မရှင် ထုတ်ပြန်ချက်ထဲ ပါရှိပါတယ်။
အောက်တိုဘာ တိုက်ခိုက် ခံခဲ့ရမှုဟာ ရခိုင် ပြည်နယ်ထဲ အရင်တုန်းက ဖြစ်ပေါ် ခဲ့တဲ့ ဒေသခံ ပြည်သူတွေကြားက ပဋိပက္ခ မျိုး မဟုတ်ပဲ အကြမ်းဖက် အဖွဲ့အစည်း တွေက စနစ်တကျ အချိန်ယူ ပြင်ဆင်ပြီး နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိပါး လာတာ ဖြစ်တယ် လို့ အစီရင်ခံက သုံးသပ် ထားပါတယ်။
မောင်တော ဒေသထဲမှာ မွတ်ဆလင် ဦးရေက အစ၊ ဘာသာရေးဆိုင်ရာ လူပဂ္ဂိုလ်နဲ့ အဆောက်အဦ တွေ တိုးပွား များပြား လာတာကို ကြည့်ရင် နိုင်ငံတကာက စွပ်စွဲ နေသလို ဘာသာရေး ဖိနှိပ် ချုပ်ခြယ်တာတွေ၊ လူမျိုးတုန်း သတ်ဖြတ်တာတွေ ရှိမနေဘူး ဆိုတာ သက်သေပဲ ဆိုပြီးတော့လည်း အစီရင်ခံစာက ကောက်ချက် ချထားပါတယ်။
မောင်တော ဒေသထဲ အစိုးရ လုံခြုံရေး တပ်ဖွဲ့ရဲ့ အပြုအမူ တွေ အပေါ် ဝေဖန်သံ တွေကိုလည်း ကော်မရှင်က စုံစမ်း ခဲ့တာမှာ အဓမ္မ ပြုကျင့် ခံရ၊ မီးရှို့ ခံရတယ် ဆိုတဲ့ စွပ်စွဲ မှုတွေ အတွက် လုံလောက်တဲ့ သက်သေ အထောက်အထား တွေ မတွေ့ရ သေးဘူးလို့ ဆိုပါတယ်။
ဒီအချိန်မှာပဲ၊ မောင်တောမြို့နယ်ထဲ မွတ်ဆလင် အရပ်သား ရွာသား တစ်ယောက် ထပ်မံ အသတ်ဖြတ် ခံလိုက် ရတယ် ဆိုပြီး နိုင်ငံတော် အတိုင်ပင်ခံ ရုံးက သတင်း ထုတ်ပြန်ပါတယ်။
အသတ် ခံခဲ့ရသူဟာ လင်ဘာကုန်းနား ကျေးရွာက ဆွေဒူအာမီ အသက် ၃ဝ ဖြစ်တယ်လို့ ဆိုပါတယ်။
မောင်တော ဒေသ နောက်ဆုံး အခြေအနေ တွေမှာ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်သူ၊ အစိုးရကို သတင်းပေးသူလို့ ယူဆချက်နဲ့ အရပ်သား မွတ်ဆလင်တွေကို အကြမ်းဖက် သမားတွေက ပစ်မှတ်ထား သတ်ဖြတ် နေတယ်လို့ အာဏာပိုင် တွေက ပြောထားပါတယ်။
အခုလို ဒဏ်ရာတွေနဲ့ သတ်ဖြတ် ခံရထားရ သူတွေကို တွေ့တာ သီတင်းနှစ်ပတ် အတွင်း ၃ ယောက် ဖြစ်ပြီး၊ ဒဏ်ရာ မရှိ မပေါ်ပဲ သေဆုံးသူ တစ်ယောက်နဲ့ လူပျောက် သတင်းပို့ ထားသူ တစ်ယောက်လည်း ရှိနေတာကို အစိုးရ ထုတ်ပြန်ချက် ထဲ တွေ့ရပါတယ်။