ရခိုင်အတွက် လူသားချင်းစာနာမှု အကူအညီတွေ ရောက်တော့မယ်

ဓာတ်ပုံ ရင်းမြစ်, REUTERS
မောင်တော အကြမ်းဖက်မှုတွေကြောင့် ယာယီဒုက္ခသည်စခန်းမှာ ခိုလှုံနေသူ ကလေးတစ်ယောက်ကို အောက်တိုဘာလကုန်က တွေ့ရစဉ်
မြန်မာ နိုင်ငံ ရခိုင် ပြည်နယ် အတွက် အင်ဒိုနီးရှားနိုင်ငံက ပေးပို့မယ့် လူသားချင်း စာနာမှု အကူအညီ ပစ္စည်းတွေ လာမယ့် ရက်ပိုင်းမှာ ရောက်လာတော့မှာ ဖြစ်ပါတယ်။
စားစရာနဲ့ အဝတ်အစားတွေ ပါလာနိုင်တဲ့ ကွန်တိန်နာ လေးလုံး ကနေ ဆယ်လုံး စာလောက်ရှိတဲ့ အကူအညီ ပစ္စည်းတွေ အင်ဒိုနီးရှားနေ စတင် ထွက်လာ နေပြီ ဖြစ်ကြောင်း နဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ မြန်မာ နိုင်ငံကို ရောက်လာ တော့မှာ ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဒေါ်အေးအေးစိုးက ဘီဘီစီကို ပြောပါတယ်။
မကြာသေးခင် ကတော့ မလေးရှား နိုင်ငံက အကူအညီ ပစ္စည်းတွေကို သင်္ဘောနဲ့ တင်လာပြီး ရခိုင်ပြည်နယ်ကို တိုက်ရိုက် ပေးပို့ဖို့ စီစဉ်ခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။
အခုချိန်ထိ မလေးရှားဖက်က လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ ပစ္စည်းတွေ ပေးလိုတဲ့ အကြောင်း မြန်မာ အစိုးရကို တရားဝင် အကြောင်းကြားတာ မရှိသေးဘူးလို့ ဒေါ်အေးအေးစိုးက ပြောပါတယ်။
အဲဒီ သတင်း ကြားတဲ့ အတွက် အကူအညီတွေကို သံတမန်ရေး လမ်းကြောင်း ကတဆင့် တရားဝင် ဆောင်ရွက်ဖို့ မလေးရှား သံရုံးကို အကြောင်းကြား ထားတယ်လို့ သူက ပြောပါတယ်။
မြန်မာ နိုင်ငံကို သွားရောက် တိုက်ခိုက်မယ်လို့ သံသယရှိသူ အိုက်အက်စ် နောက်လိုက် အင်ဒိုနီးရှား တစ်ယောက်ကို မလေးရှားမှာ ဖမ်းမိခဲ့ပြီးနောက် မြန်မာနိုင်ငံဟာ အစ္စလာမ္မစ် နိုင်ငံအဖွဲ့ IS ရဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တယ်လို့ မလေးရှားက အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့အကြီးအကဲ က ပြောခဲ့ ပေမဲ့ သက်ဆိုင်ရာ နိုင်ငံတွေက မြန်မာ ဘက်ကို အကြောင်းကြားတာ မရှိသေးဘူးလို့ ဒေါ်အေးအေးစိုးက ပြောပါတယ်။
အဲဒီ ကိစ္စနဲ့ ပတ်သက်လို့ ကိုယ့်လက်ထဲမှာ အချက်အလက် အခိုင်အလုံ မရှိသေးဘဲ ပြန်လည် မှတ်ချက် ပေးဖို့ ခက်တယ်လို့ သူက ပြောပါတယ်။
နိုင်ငံတကာ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်း ဆက်သွယ်ပြီး လုံခြုံရေး အရ ဆောင်ရွက်မှုတွေ လောလောဆယ် မရှိ သေးကြောင်းနဲ့ ကိုယ့်နိုင်ငံ အတွင်း လုပ်စရာ ကိစ္စတွေကို အရင် ဖြေရှင်း နေကြောင်း သူက ဆိုပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ ထွက်ပြေးခဲ့ကြသူတွေ အရေး ဆွေးနွေးဖို့ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးကျော်တင်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ မကြာခင်မှာ ဘင်္ဂလားဒေ့ရှ်ကို သွားမယ်လို့ ဒေါ်အေးအေးစိုးက ပြောပါတယ်။

ရခိုင် မောင်တော ကိစ္စ ဘယ်လို ရှင်းမလဲ
မောင်တော မြို့နယ်ထဲ လုံခြုံရေး အခြေ အနေဟာ ထိန်းမနိုင် သိမ်းမရ ဆိုးရွားတဲ့ အခြေ အနေ မျိုး မှာ ရှိနေတယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါ တယ်။